ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အစည်းအဝေး တားမြစ်ခံနေရ
2018.09.01

ရှမ်းနိုင်ငံရေးပါတီတွေ၊ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စုစည်းထားတဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အစည်းအဝေးကို လာမယ့် စက်တင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တို့မှာ တောင်ကြီးမြို့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အစိုးရက ခွင့်မပြုတဲ့အတွက် ယာယီ ရွှေ့ဆိုင်းထားလိုက်ရပါတယ်။
အခုလိုတားမြစ်လိုက်တာဟာ ရှမ်းတိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးကို အထောက်အကူပြုရေးအတွက် အဟန့်အတားဖြစ်စေတယ်လို့ CSSU အတွင်းရေးမှူးချုပ် ဦးစိုင်းဘိုးအောင်က ပြောပါတယ်။
"ရှမ်းလူမျိုးအလိုက် နိုင်ငံရေးအဆင့်ဆွေးနွေးပွဲကို NCA လမ်းကြောင်းအရဆိုရင်တော့ RCSS ကနေ ဦးစီး ဦးဆောင် ကမကထပြုပြီးတော့လုပ်ရမှာကို သို့သော်လည်း RCSS အသံတစ်ခုတည်းနဲ့တော့ ရှမ်းတိုင်းရင်းသား တွေရဲ့အသံအကုန်လုံး မပါဝင်နိုင်ဘူးလေ၊ ဒါကြောင့်မို့ CSSU ကနေပြီးတော့ စီမံဆောင်ရွက်နေတဲ့ အနေအထားမျိုးပါ၊ တကယ်လို့ CSSU ပိတ်ပင်တယ်ဆိုရင်လည်း ရှမ်းအသံကလည်း ငြိမ်း ချမ်းရေးကဏ္ဍမှာ အားနည်းသွားမယ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတော့ ထိခိုက်မှုအနည်းအကျဉ်းတော့ ရှိနိုင်မယ်လို့ ကျနော် ထင်ပါတယ်"
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကို အစည်းအဝေးကျင်းပခွင့်ရဖို့ စာပေးပို့ တောင်းဆိုခဲ့ရာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့က ခွင့်မပြုဘူးဆိုပြီး လက်ရှိ CSSU အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ထံ အကြောင်းပြန်ခဲ့တာပါ။
CSSU ကို ရှမ်းနိုင်ငံရေးပါတီတွေ၊ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ရှမ်းအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပေါင်းစည်းထားတာဖြစ်ပြီး အဲဒီအဖွဲ့ထဲမှာ အစိုးရနဲ့ NCA လက်မှတ်မထိုးရသေးတဲ့ SSPP/SSA အဖွဲ့ လည်း ပါဝင်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ CSSU အစည်းအဝေးကို ရန်ကုန်မြို့မှာ ကျင်းပဖို့ စီစဉ်ခဲ့စဉ်ကလည်း ပိတ်ပင်တာခံခဲ့ရသလို ၂၀၁၇ ခုနှစ်မှာလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမယ့် ထိုင်းအစိုးရကနေ တဆင့် ပိတ်ပင် တားမြစ်တာ ခံခဲ့ရပါတယ်။ ခုတစ်ကြိမ်ကတော့ တတိယအကြိမ်မြောက် ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။
CSSU အဖွဲ့ကို ၂၀၁၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဲဒီမှာပါဝင်တဲ့ အဖွဲ့တွေက အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူရတာဖြစ်ပါတယ်။