CSSU နှစ်ပတ်လည်အစည်းအဝေး ကျင်းပ
2018.02.03

နှစ်ရက်ကြာကျင်းပခဲ့တဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ CSSU အလှည့်ကျဥက္ကဌတာဝန်ကို SNDP က လွဲှပြောင်းယူခဲ့ပြီး ရှမ်းနှစ်ပါတီပူးပေါင်းရေးကိစ္စကိုတော့ ဆွေးနွေးမှု မရှိခဲ့ဘူးလို့ CSSU အဖွဲ့ဝင် ဦးစိုင်းကျော်ညွန့်က ဒီနေ့ ပြောပါတယ်။
ရှမ်းပြည်ညီညွတ်ရေး ကော်မတီအနေနဲ့ အဖွဲ့အစည်းတစ်ခုချင်းစီရဲ့ အကျိုးထက် အားလုံးပူးပေါင်း ဆောင်ရွက်နိုင် မယ့်ကိစ္စတွေကို အဓိကထား ဆွေးနွေးကြတာဖြစ်တယ်လို့ CSSU အဖွဲ့ဝင် ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။
"ဆွေးနွေးတာ မရှိခဲ့ပါဘူးဗျ။ CSSU က အဖွဲ့အစည်းတစ်ခုချင်းစီရဲ့ အကျိုးစီးပွားဆိုတာထက် အားလုံးပူးပေါင်းပြီး လုပ်ဆောင်မယ့်ကိစ္စကို ကျနော်တို့က ပိုပြီးဦးစားပေးပါတယ်။ နောက်ပြီး ကျနော် တစ်ခုပြောချင်တာကလေ ထုတ်ပြန်ချက်ကို ဖတ်ကြည့်ပါ။ SNLD နဲ့ ပူးပေါင်းချင်တယ်ဆိုတာ တခွန်းမှ မပါပါဘူးခင်ဗျ။ အဲဒီတော့ ကျနော်တို့လည်း သိပ်စဉ်းစားစရာမလိုသေးဘူးလို့ပဲ သတ်မှတ်ပါတယ်"
CSSU နှစ်ပတ်လည်အစည်းအဝေးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့က RCSS ဌာနချုပ် လွယ်တိုင်းလျန်းမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ အစိုးရက ကျင်းပဖို့ရှိတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွေကို CSSU အနေနဲ့ အတတ်နိုင်ဆုံးပူးပေါင်း ပါဝင်သွားဖို့နဲ့ အခြားတိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်ဖို့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။
ဒါ့အပြင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ဆောင်ရွက်ခဲ့တဲ့ အခြေအနေတွေကို ပြန်လည်သုံးသပ် တာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
CSSU ရဲ့ အလှည့်ကျ ဥက္ကဌရာထူးကို ဒီနှစ်မှာ SNDP ပါတီရဲ့ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက တာဝန်ယူဆောင်ရွက် မှာဖြစ်ပြီး အထွေထွေအတွင်းရေးမှူး တာဝန်ကို SNDP ပါတီက ဦးစိုင်းဘိုးအောင်က တာဝန်ယူဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။