အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ အခက်အခဲဖြစ်နေ


2017.02.23
saikyawnyunt-620.jpg ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ၂ စိုင်းကျော်ညွန့် ကို တွေ့ရစဉ်
Photo: RFA

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အစိုးရဘက်က တောင်ကြီးမြို့မှာ ကျင်းပဖို့ ခွင့်မပြုပေမယ့် ဆွေးနွေး ပွဲတွေကို ကျန်တဲ့ နေရာမှာ လုပ်မှာမဟုတ်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ပြော ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ချင်တဲ့နေရာကို ဘယ်သူ့ဆီကမှ ခွင့်ပြု ချက် တောင်းစရာမလိုဘဲ သက်ဆိုင်ရာကြီးကြပ်ရေး ကော်မတီတွေနဲ့သာ ညှိနှိုင်းလုပ်ဆောင်ရမှာ ဖြစ်တယ်လို့ နားလည်ထားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ တွဲဖက် အတွင်းရေးမှူး ၂ စိုင်းကျော်ညွန့် က ပြောပါတယ်။

"ကျနော်တို့က တောင်ကြီးမှာလုပ်ဖို့ ရည်မှန်းထားတယ်၊ တောင်ကြီးမှာမှ  ပေးမလုပ်ဘူးဆိုရင်တော့လည်း ကျန်တဲ့နေရာတော့ သိပ်လုပ်စရာအကြောင်းမရှိပါဘူး၊  ကျနော်တို့ SNLD အနေနဲ့ ဟိုမှာ ဒီမှာလုပ်မယ်ဆို ပြီးတော့  တောင်းဆိုထားတာမရှိပါဘူး၊ တကယ်တမ်းက ငြိမ်းချမ်းရေး Process အရဆိုရင်  တောင်းဆိုစရာ လည်း မလိုပါဘူး၊ ကျနော်တို့က ဒီနေရာ ဒီနေရာ လုပ်ချင်တယ်ဆိုရင်  သက်ဆိုင်ရာ ကြီးကြပ်ရေးမှူး ကော်မ တီတွေနဲ့ပဲ ညှိနှိုင်းပြီးတော့ပဲ လုပ်ရမယ့်  သဘောပဲရှိပါတယ်၊ ဘယ်သူ့ရဲ့ ခွင့်ပြုချက်မှ တောင်းစရာမလိုပါဘူး၊ ဒါကျနော်  နားလည်ထားတဲ့ လုပ်ငန်းလမ်းညွှန်ပေါ့"

ရှမ်းတိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ ရှမ်းလူငယ်တွေ ပါဝင်တဲ့ Committee for Shan State Unity (CSSU) သျှမ်းပြည်ညီညွတ်ရေး ကော်မတီက ရှမ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဦးဆောင်ကျင်းပနေတာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ထဲမှာ ရှမ်းလက်နက်ကိုင်အဖွဲ့တွေဖြစ် တဲ့ RCSS/SSA နဲ့ SSPP/SSA တို့လည်း ပါဝင်ပါတယ်။

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးမှာ ခွင့်ပြုထားပြီးဖြစ်ပေမယ့် အစိုးရဘက်က တောင်ကြီးမြို့မှာ ကျင်းပခွင့်မပြုဘဲ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နယ်မြေမှာသာ ကျင်းပခွင့်ပြုထားတာ ဖြစ်ပါတယ်။

တိုင်းရင်းသားတွေရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပရာမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဦးဆောင်တဲ့ ကရင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဘားအံမြို့မှာ ကျင်းပခွင့်ပြုခဲ့ပေမယ့် ကျန်တဲ့ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကိုတော့ သက်ဆိုင်ရာ ပြည်နယ်တွေရဲ့ မြို့ကြီးတွေမှာ ကျင်းပခွင့် မပြုသေးတာကို တွေ့ရပါတယ်။

ပအိုဝ်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အစက တောင်ကြီးမြို့မှာ ကျင်းပဖို့ ကြိုးစားခဲ့ပေမယ့် ဟိုပုန်းမြို့မှာသာ ကျင်းပခွင့်ပြုခဲ့သလို ချင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိုလည်း ဟားခါးမြို့မှာ ခွင့်မပြုတဲ့အတွက် ထန်တလန်မြို့မှာသာ ကျင်းပခဲ့ရပါတယ်။

ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် မတ်လထဲမှာ ကျင်းပမှာဖြစ်ပြီး အဲဒီညီလာခံ မတိုင်မီမှာ လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနေတာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရ ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းဆဲ အခြေအနေဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။