မွန်ပြည်သစ်ပါတီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ရွှေ့ဆိုင်း
2018.03.24

ဧပြီလအတွင်း ကျင်းပဖို့ လျာထားတဲ့ မွန်ပြည်သစ်ပါတီရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းသွားမယ်လို့ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။
တပ်မတော်ဘက်က လူဦးရေကန့်သတ်မှုတွေကြောင့် အောက်ခြေလူထုတွေ့ဆုံပွဲတွေ မကျင်းပနိုင်သေးတဲ့အတွက် အမျိုးသားဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းဖို့ စီစဉ်တာလို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဝင်းလှက ပြောပါတယ်။
လူထုတွေဆုံပွဲတွေ ကျင်းပပြီးမှသာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်မှာဖြစ်တာကြောင့် ရက်ရွှေ့ဆိုင်းဖို့ UPDC ကို စာတင်အကြောင်းကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။
တပ်မတော်၊ လက်နက်ကိုင်၊ အစိုးရနဲ့ နိုင်ငံရေးပါတီ စတဲ့အဖွဲ့တွေပါတဲ့ မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်နဲ့ ဖွဲ့စည်းကြောင်း မနေ့ညက သတင်းထုတ်ပြန်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီက မွန်ပြည်နယ်မှာ အမျိုးသားဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့အတွက် အဖွဲ့ဝင် ၉ ဦးပါဝင်တဲ့ ကြီးကြပ်ရေးကော်မတီကို မနေ့က ဖွဲ့စည်းပေးလိုက်ပါတယ်။
အဲဒီအဖွဲ့မှာ တပ်မတော်ဘက်က တစ်ဦး၊ အစိုးရဘက်က တစ်ဦး၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ နိုင်ငံရေး ပါတီက ၃ ဦး၊ KNU က တစ်ဦးနဲ့ မွန်ပြည်သစ်ပါတီက ၂ ဦး စုစုပေါင်း ၉ ဦး ပါဝင်ပါတယ်။
မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့အတွက် ကော်မတီဖွဲ့လိုက်ပေမယ့် အောက်ခြေလူထုတွေ့ဆုံ ပွဲတွေကို တပ်မတော်က လူဦးရေကန့်သတ်နေတာကြောင့် မကျင်းပနိုင်သေးဘဲ ဖြစ်နေတာပါ။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လာမယ့် ဧပြီလထဲမှာ မွန်ပြည်နယ် ရေးမြို့နယ်မှာ ပထမဆုံးအကြိမ် ကျင်းပဖို့လျာထားတာဖြစ်ပါတယ်။
NCA လက်မှတ်မထိုးခင်က လူထုတွေ့ဆုံပွဲတွေ ကျင်းပခဲ့ပေမယ့် တားမြစ်ခံရတာ၊ ကန့်သတ်ခံရတာတွေ မရှိဘဲ လက်မှတ်ထိုးပြီးနောက်ပိုင်းမှာ အခုလို ကန့်သတ်ခံရတာလို့လည်း နိုင်ဝင်းလှက ဆိုပါတယ်။
မွန်ပြည်သစ်ပါတီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်ထိုး ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။