ပင်လုံညီလာခံနဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေအတွက် သဘောတူချက်ရ


2018.03.01
second-21-panglong-622.jpg ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ခဲ့ကြတဲ့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ရက်အတိအကျ မသတ်မှတ်နိုင်သေးပေမယ့် လာမယ့် ဧပြီလကုန် မေလဆန်းမှာ ကျင်းပသွားမယ်လို့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဆုံးဖြတ်လိုက် ပါတယ်။

မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ JICM အစည်းအဝေးမှာ သဘောတူ ဆုံးဖြတ်လိုက်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

"တတိယ ပင်လုံကျင်းပနိုင်ရေးအတွက်ကို အချိန်ယူပြီး အကျေအလည် ညှိနှိုှုင်းဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပြီးတဲ့ ဧပြီလကုန် မေလဆန်းမှာ တတိယအကြိမ် ၂၁ ပင်လုံ ကျင်းပနိုင်ဖို့အတွက်ကို ကျနော်တို့အားလုံး သဘောတူ ပြီးတော့ကို လျာထားခဲ့ပါတယ်။ ရက်ကိုတော့ အတိအကျ မသတ်မှတ်သေးပါဘူး။ ဒါပေမဲ့လို့ ဧပြီလကုန် မေလဆန်းမှာ ကျင်းပဖြစ်ဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အဲဒီရက်ကို လျာထားတာဖြစ် ပါတယ်"

အဲဒီ JICM အစည်းအဝေးပွဲကို  KNU ဥက္ကဌ မူတူးစေးဖိုး ကျန်းမာရေးကြောင့် မတက်ရောက်နိုင်ခဲ့သလို RCSS ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်ဆစ်လည်း RCSS ညီလာခံကို မကြာသေးခင်က ကျင်းပပြီးစီးခဲ့တာဖြစ်တဲ့အတွက် မတက်ရောက်နိုင်ခဲ့ဘူးလို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းက JICM လို ငြိမ်းချမ်းရေး အမြင့်ဆုံး အစည်းအဝေးတွေကို တာဝန်ယူဆုံးဖြတ်နိုင်သူတွေ တက်ရောက်ကြဖို့ ပြောကြားပါတယ်။

လတ်တလော NCA ကို လက်မှတ်ထိုးလိုက်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးက ကိုယ်စားလှယ်တွေလည်း လက်မှတ်ထိုးပြီးသား ၈ ဖွဲ့နဲ့အတူ တက်ရောက်ပါတယ်။ ဒါ့အပြင် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မွန်ပြည်နယ် ရေးမြို့နယ်မှာ လာမယ့် မတ်လ ၂၃ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး လူထုတွေ့ဆုံပွဲတွေကိုလည်း မွန်ပြည်သစ်ပါတီရဲ့ တပ်တည်ရှိတဲ့ နေရာ ငါးခုနဲ့ တခြားသင့်တော်တဲ့ နေရာတွေမှာပြုလုပ်သွားဖို့ သဘောတူညီခဲ့ပါတယ်။

အစည်းအဝေးမှာ အစိုးရက ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် နည်းလမ်းနှစ်ခုကို အဆိုပြုခဲ့ပါတယ်။ အဲဒါတွေကတော့ ရှမ်းပြည်နယ်မှာ လူထုတေ့ွဆုံပွဲလုပ်ဖို့ ကျန်နေသေးတဲ့ နေရာတွေက ကိုယ်စားလှယ်တွေကို လင်းခေးမြို့ကို ခေါ်ယူပြီး တွေ့ဆုံဆွေးနွေးစေဖို့နဲ့ နောက်တစ်ချက်ကတော့ တောင်ကြီးမြို့မှာ အစိုးရကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်တွေ တက်ရောက်ပြီး ပြင်ဆင်မှုအစည်းအဝေးတစ်ခု ကျင်းပဖို့ဖြစ်ပါတယ်။

RCSS/SSA ကိုယ်စားလှယ် ဗိုလ်မှုးကြီး စိုင်းငင်းက အစိုးရ ရဲ့ အဆိုပြုချက်ကို သက်ဆိုင်ရာအဖွဲ့အစည်း ခေါင်းဆောင်တွေကို ပြန်လည်တင်ပြမယ်လို့ ကတိပေးခဲ့ပါတယ်။

ဒါ့အပြင် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ကွဲပြားမှုတွေရှိလာရင် ပုံမှန်အစည်း အဝေးကျင်းပပြီး ဖြေရှင်းတဲ့ နည်းလမ်းအပြင် အလွတ်သဘောတွေ့ဆုံပွဲတွေ ပြုလုပ်သွားဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့က သဘောတူခဲ့တယ်လို့ ဦးခွန်မြင့်ထွန်း ကပြောပါတယ်။

ပြီးခဲ့တဲ့ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ ကြိုတင်အချိန်ယူ ညှိုနှိုင်းမူအားနည်းခဲ့တာကြောင့် တချို့ သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး မကျေလည်မူတွေ ရှိခဲ့တဲ့အတွက် ဒီတကြိမ်ဆွေးနွေးပွဲမှာ အဲဒီလို မဖြစ်ရအောင် အချိန်ယူ ပြင်ဆင်ဖို့ရှိတယ်လို့ ပြောပါတယ်။

အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပမှီ လူထုတွေ့ဆုံပွဲတွေ ဘာကြောင့် ကျင်းပသင့်သလဲဆိုတာနဲ့ အဲဒီဆွေးနွေးပွဲတွေက ဘယ်လောက်အရေးကြီးသလဲဆိုတဲ့ အကြောင်းကို အစိုးရနဲ့ တပ်မတော်တို့ နားလည်လက်ခံ လာဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက စာတမ်းတစ်စောင်ပြုစုပြီး အစိုးရကို  ပေးပို့ဖို့ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။