မိုင်းပေါက်ကွဲမှုကြောင့် သံဃာ ၁ ပါးနဲ့ ကိုရင်၂ ပါး မိုင်းထိ
2018.03.25

ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းငေါ့မြို့နယ်ခွဲက ပန်မုံရွာမှာ ဒီနေ့ မနက်က မိုင်းထိပြီး သံဃာ ၁ ပါး နဲ့ ကိုရင် နှစ်ပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပန်မုံ ကျောင်းတိုက်က ဆရာတော် အရှင်သြဝါဒက မိန့်ကြားပါတယ်။
ပန်မုံရွာထိပ်ကို သန့်ရှင်းရေးလုပ်ဖို့ သွားရာမှာ ရွာထိပ်သွားတဲ့ လမ်းကို ဆိုင်ကယ်နဲ့ ဖြတ်သွားစဉ် မိုင်းထိမှန်ခဲ့တာ ဖြစ်တယ်လို့ အရှင်သြဝါဒက မိန့်ကြားပါတယ်။
"ပန်မုံရဲ့ ရွာထိပ်မှာ သန့်ရှင်းရေးလုပ်ရင်းနဲ့ ဆိုင်ကယ်နဲ့ သွားနင်းမိတာ၊ သုံးပါးလုံး ဒဏ်ရာရတာ၊ RCSS က ထောင်ထားတာ၊ ဒီဘက် TNLA က မလာဘူး၊ ဒီဘက်က RCSS ပဲလာတာ"
မိုင်းထိမှန်ခဲ့တဲ့ ကိုရင်နှစ်ပါးက ခြေထောက်ကို မိုင်းထိမှန်ခဲ့ပြီး အခြေအနေ မစိုးရိမ်ရပေမယ့် သံဃာတစ်ပါးကတော့ ဒူးခေါင်းနဲ့ ခြေထောက်တို့မှာ မိုင်းထိမှန်ခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။ မိုင်းထိမှန်တဲ့ သံဃာ ၁ ပါးနဲ့ ကိုရင် နှစ်ပါးဟာ လက်ရှိမှာ ကျောက်မဲ ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ အရှင် သြဝါဒက မိန့်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS တို့ကြား ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကစပြီး တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။
ကျောက်မဲမြို့နယ် ခွန်ကော်၊ တော့ဖယ်ကျေးရွာတစ်ဝိုက်နဲ့ မိုင်းငေါ့မြို့နယ်ခွဲ မန်ခေါက်ရွာနဲ့ မန်ကန်ရွာကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ဘေး ဒုက္ခသည်အရေအတွက်လည်း နေ့စဉ်တိုးနေတာဖြစ်ပါတယ်။