ဦးခွန်ထွန်းဦးတို့ ကျန်းမာရေး စိုးရိမ်ရ

နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေကြရတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအဝင် မြင်းခြံထောင်က စိုင်းမျိုးဝင်းထွန်း၊ ဘူးသီးတောင်ထောင်က ဦးထွန်းညိုတို့ ကျန်းမာရေး ချွတ်ယွင်းနေပြီး စိုးရိမ်ရတဲ့ အခြေအနေ ရောက်နေပါတယ်။

2012.01.06
khun_htun_oo_250_z.jpg ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ထောင်ဒဏ် ၉၃ နှစ် ချမှတ်ပြီး မြန်မာနိုင်ငံ မြောက်ဖျား ပူတာအို ထောင်သို့ ပို့ဆောင် အကျဉ်းချထားပါသည်။
RFA

ထောင်ဒဏ် ၉၃ နှစ် ကျခံနေရပြီး တောင်ငူ အကျဉ်းထောင်ကို အပို့ခံထားရတဲ့ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦးကို ဇနီးဖြစ်သူ ဒေါ်ဝေေ၀လွင်နဲ့ သမီးဖြစ်သူတို့ ကြာသပတေးနေ့က ထောင်ဝင်စာ သွားတွေ့ချိန်မှာ ကျန်းမာရေး မကောင်းလို့ ဆေးသွင်းနေတာ သိခဲ့ရတာလို့ SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က အာရ်အက်ဖ်အေကို ပြောပါတယ်။

ဦးခွန်ထွန်းဦးမှာ အစာအိမ်နာ ရောဂါ၊ ဆီးကျိတ်ရောင် ရောဂါနဲ့ အာရုံကြော အားနည်းတဲ့ ရောဂါတွေ ရှိပြီး ပူတာအို အကျဉ်းထောင်ကနေ သူ့ကို မနှစ်က နိုဝင်ဘာလလယ်ပိုင်းမှာ တောင်ငူထောင်ကို ပြောင်းရွှေ့ခဲ့တာပါ။

ဦးခွန်ထွန်းဦးက သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး အယုံအကြည် မရှိကြောင်း ပြောဆိုလိုက်တယ်လို့လည်း ဦးစိုင်းလိတ်က ဆက်ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ နှစ်ရှည် ထောင်ဒဏ်တွေ ကျခံနေရပြီး စိတ်ဝေဒနာ ခံစားနေရတဲ့ မြင်းခြံ အကျဉ်းထောင်က စိုင်းမျိုးဝင်းထွန်းနဲ့ ဘူးသီးတောင်ထောင်က ဦးထွန်းညိုတို့ ရှမ်းခေါင်းဆောင် နှစ်ဦးဟာလည်း ကျန်းမာရေးဆိုးလာတယ်လို့ ဦးစိုင်းလိတ်က ဆက်ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအဝင် ရှမ်းခေါင်းဆောင် ၉ ဦးဟာ ၂၀၀၅ ခုမှာ အဖမ်းဆီးခံရပြီး နိုင်ငံတော် ပုန်ကန်မှု အပါအဝင် တခြား စွဲဆိုချက်တွေနဲ့ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။