ရှမ်းနဲ့ ကယားပြည်နယ် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲ


2013.03.19
shan_kayah_building_truth_305 ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေး ပွဲ ဖြစ်မြောက်ရေးအတွက် တွေ့ဆုံပွဲပုံ
Photo: RFA/Kyaw Myo Tun

ရှမ်းနဲ့ ကယားပြည်နယ်က နိုင်ငံရေးပါတီတွေ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ ပထမဆုံးအကြိမ် ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲကို မနက်ဖြန် မတ်လ ၂၀ ရက်ကစပြီး ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။

ရှမ်းနဲ့ ကယားယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲဖြစ်အောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ကြိုးပမ်းခဲ့တာဖြစ်ပြီး ပြည်နယ်နှစ်ခုက တိုင်းရင်းသား နိုင်ငံရေးပါတီတွေအပြင် လက်နက်ကိုင်အဖွဲ့အစည်း စုစုပေါင်း ၂၅ ဖွဲ့တက်ရောက်မှာဖြစ်ပြီး ၃ ရက်ကြာမြင့်မှာ ဖြစ်ပါတယ်။

မနက်ဖြန်ကျင်းပမယ့် ဆွေးနွေးပွဲဟာ မြန်မာပြည်မှာ စစ်မှန်တဲ့ ပြည်ထောင်စုအဖြစ် ရောက်လာအောင် အစပျိုးတဲ့ဆွေးနွေးပွဲဖြစ်တယ်လို့ SNLD တွဲဘက်အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

ကယားပြည်နယ်ကို ကိုယ်စားပြု ဖိတ်ကြားခံထားရတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တစ်ခုဖြစ်တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က သူတို့အနေနဲ့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးရဦးမှာဖြစ်လို့ ဒီပွဲကိုမတက်ရောက်ဖြစ်ဘူးလို့ ပါတီဗဟိုကော်မတီဝင် ဦးဒယ်နီရယ်က RFA ကို ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် ကိုယ်စားပြု ဖိတ်ကြားခံရတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ကလည်း မတက်ရောက်နိုင်ကြောင်း အကြောင်းကြားတယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။ KNPP နဲ့ PNLO တို့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေဖြစ်ပါတယ်။

မနက်ဖြန် ကျင်းပမယ့်ဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ စတာတွေအပြင် လက်နက်ကိုင်အဖွဲ့တွေလည်း တက်ရောက်ကြမှာဖြစ်ပြီး အစိုးရဖက်က ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးအောင်မင်း၊  ဦးဝင်းထွန်းနဲ့ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုး တို့လည်း တက်ရောက်မှာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ခေတ္တတက်ရောက်နေတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက အကျိုးတော်ဆောင် ဦးလှမောင်ရွှေကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။