ကေအိုင်အို အဖွဲ့ကို ဆန္ဒပြ တောင်းဆို
2013.06.01

ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး လိုင်ဇာမြို့ အပြန်လမ်းမှာ ကေအိုင်အိုအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဂွမ်မော်ကို ဒေသခံ ရှမ်းတိုင်းရင်းသား မျိုးနွယ်စု ၃၀၀ လောက်က အမြန်ဆုံးအပစ်ခတ်ရပ်စဲဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ကေအိုင်အို ကချင်လွတ်မြောက်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးအပြီး ဒီနေ့လိုင်ဇာမြို့ကို ပြန်သွားချိန်မှာ မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက် စစ်ပြေးဒုက္ခသည်စခန်းက စစ်ဘေးရှောင် ပြည်သူတွေအပါအဝင် မြစ်ကြီးနား၊ ဝိုင်းမော်၊ တာလောကြီး၊ ခတ်ချို၊ဝါးရှောင် စတဲ့ ဒေသခံရှမ်းတိုင်းရင်းသားတွေ က တောင်းဆိုခဲ့တာပါ။
ဒီနေ့ ဆန္ဒပြပွဲမှာပါဝင်တဲ့ တာလောကြီးကျေးရွာက ဦးသန်းရွှေက RFA ကို အခုလို ပြောပြပါတယ်။
"၂၈ ရက်နေ့မှာ ငြိမ်းချမ်းရေးဆွေးနွေးပါတယ်၊ ပြည်သူလူထုနဲ့ တွေ့ဆုံပွဲဆိုတဲ့နေရာမှာလည်းပဲ ကချင်မျိုးနွယ်စုလောက်ပဲ တက်ရောက်တင်ပြခွင့်ရှိပါတယ်၊ ကချင်ပြည်နယ်မှာ ရှမ်း ၅ မျိုး၊ ကချင် ၆ မျိုးရှိတယ်၊ ဒီမျိုးနွယ်စုလေးတော့ခေါ်မှာပဲဆိုပြီးတော့ ကျနော်တို့မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်မျှော်ပါသေးတယ်၊ သို့သော်လည်းပဲ ဒီနေ့ဒီအချိန်အထိ ဥပက္ခာပြုနေရတဲ့အတွက် လာတုန်းကတော့ ကချင်လူထုကကြိုတယ်၊ အပြန်ကျတော့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အဖွဲ့ကြီးကိုလိုက်ပို့ရင်း ပြည်သူ့ရဲ့ဆန္ဒကိုဖော်ထုတ်ခြင်းဖြစ်ပါတယ်"
အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့၊ ဒေသခံတွေ အကြောက်တရားကင်းကင်း လုပ်ကိုင်စားသောက်နိုင်ဖို့၊ အဓမ္မ တပ်သား စုဆောင်း ခံရသူတွေကို ပြန်လွှတ်ပေးဖို့ စတဲ့အချက်တွေကို ပိုစတာကိုင်ပြီး တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
ကချင်ပြည်နယ်အတွင်းက ရှမ်းတိုင်းရင်းသားတွေရဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး KIO ရဲ့ သဘောထားကို ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က RFA ကို အခုလို ပြောပါတယ်။
"ကျနော်တို့ဒါအားလုံးညှိနှိုင်းပြီးလုပ်တော့မှာပါ၊ ဒီဟာမျိုးတွေလည်း အကုန်လုံးအစီအစဉ်ရှိပါတယ်၊ ကျနော်တို့လည်း တောင်းဆိုနေတာကြာပါပြီ၊ အစိုးရနဲ့ ကေအိုင်အို ညှိသွားမှာပါ၊ ရှမ်းတိုင်းရင်းသားများနဲ့ ကချင်တိုင်းရင်းသားများက ဟိုးအရင်ကတည်းက အတူတူနေခဲ့ကြတာ၊ ကျနော်တို့်ဆီမှာ ရှမ်းတိုင်းရင်းသားများနဲ့ ကချင်တိုင်းရင်းသားများ အမြဲအတူတကွနေထိုင်ရေးမူ ပေါ်လစီရှိပါ တယ်၊ နောက်ဆုံးအနေနဲ့ ကချင်နဲ့ ရှမ်းတိုင်းရင်းသားများ ချစ်ကြည်ရေး အမြဲတည်တံ့ခိုင်မြဲမှာပါ"
အစိုးရနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မေလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ၃ ရက်ကြာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကျင်းပခဲ့ရာမှာ သဘောတူညီချက် (၇) ချက် လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။