ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ထိုင်းနိုင်ငံတွင် တရားဝင်ဖွင့်လှစ်

ရှမ်းစာပေနဲ့ ယဉ်ကျေးမှုတွေ ပပျောက်မသွားစေဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းကို ထိုင်းအစိုးရက ခွင့်ပြုလိုက်တဲ့အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရှိတဲ့ ဝပ်ဒ်ကုတောက် ဘုန်းတော်ကြီးကျောင်းမှာ မနေ့မနက်က တရားဝင် ဖွင့်လှစ်ခဲ့ပါတယ်။

2012.08.19

ဒီအသင်း တရားဝင် ရပ်တည်ခွင့်ရဖို့အတွက် ထိုင်းအစိုးရကို တင်ပြခဲ့တာ သုံးနှစ်လောက် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့မတ်လကမှ ခွင့်ပြုချက် ရခဲ့တဲ့အတွက် မနေ့မနက် ၉ နာရီမှာ တရားဝင် စတင် ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ကြောင်း ရှမ်းစာပေနဲ့ယဉ်ကျေးမှု အသင်းရဲ့ စည်းရုံးရေး တာဝန်ခံ နန်းယဉ်ဟန်ဖ က အာအက်ဖ်အေ ကိုပြောပါတယ်။

"ကျွန်မတို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းက ထိုင်းနိုင်ငံ ချင်းမိုင်မှာ အခြေစိုက်တာတော့ နှစ်ပေါင်း ၃၀ ကျော်ရှိပြီ။ ဒါပေမယ့် တရားဝင်အနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှပဲ Approve ပေါ့နော်၊ ရလာတာပေါ့နော်။ ခွင့်ပြုချက် ရလာတာပေါ့နော်။ ဒီ အသင်းဖွင့်ပွဲကို ဝပ်ဒ်ကုတောက်မှာ ပြုလုပ်ပါတယ်၊ ဝပ်ကုတောက်က ကျွန်မတို့ ဒီ အသင်းဖွဲ့တည်ထောင်တဲ့ နေရာပေါ့နော်။ ဆရာတော် ကိုယ်တိုင်လည်း ခွင့်ပြုထားတယ်။ ကျွန်မတို့ ဒီနေ့ ဖွင့်ပွဲ အခမ်းအနားကတော့ မနက်ပိုင်းမှာ ဆရာတော်တွေက မင်္ဂလာသုတ် ပရိတ်တွေ ရွတ်ဖတ်ပြီးတော့ ကျွန်မတို့ ဒီ ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ပါတယ်၊ အဲနောက်ပိုင်းမှာ သံဃာတော်တွေကို နေ့ဆွမ်းကပ်ပါတယ်"

အလုပ်အမှုဆောင် ကော်မတီဝင် ၉ ဦး ပါဝင်တဲ့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းဟာ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ရှမ်းစာပေ ယဉ်ကျေးမှုတွေ မပပျောက်စေဖို့ အပါအဝင် ထိုင်းနိုင်ငံ မြောက်ပိုင်းက လန်းနားလူမျိုးတွေနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံချင်း ဖလှယ်နိုင်ရေး၊ ထိုင်းနိုင်ငံရောက် ရှမ်းလူမျိုးတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်း ပေးနိုင်ရေးအတွက် ဖြစ်တယ်လို့လည်း နန်းယဉ်ဟန်ဖ က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။