ဆယ်ဇင်း စစ်ဘေးဒုက္ခသည်တွေအတွက် အဝတ်အထည်နဲ့ စားနပ်ရိက္ခာ ကူညီခွင့်မရ

2022.08.27
ဆယ်ဇင်း စစ်ဘေးဒုက္ခသည်တွေအတွက် အဝတ်အထည်နဲ့ စားနပ်ရိက္ခာ ကူညီခွင့်မရ ဆိုင်းတောင်ကျေးရွာတွင် ခိုလှုံနေသည့် ဆယ်ဇင်း စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက တွေ့ရစဉ်
Photo: CJ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေး ဒုက္ခသည်တွေကို အဝတ်အထည်နဲ့ စားနပ်ရိက္ခာတွေ ကူညီခွင့်မရဘဲ အလှူငွေတစ်မျိုး တည်းသာ ကူညီလို့ရတယ်လို့ အမည်မဖော်လိုတဲ့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူ တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့က မြစ်ကြီးနားကနေတစ်ဆင့် ဖားကန့်မြို့က စစ်ဘေးဒုက္ခ သည်စခန်းတွေကို ကူညီထောက်ပံ့ဖို့ သွားရာမှာ အဝတ်အထည်နဲ့ စားနပ် ရိက္ခာတွေ သယ်ယူခွင့်မရဘူးလို့ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီ နေသူတစ်ဦးက RFA ကို ပြောပါတယ်။

"အဝတ်အထည်၊ အစားအသောက် ဘာတစ်ခုမှ ယူမရဘူး။ ပိုက်ဆံတစ်မျိုးပဲ ကူလို့ရ တယ်။ ဟိုမှာက ဈေးကြီးတယ်။ ဖားကန့်ထက်စာရင် မြစ်ကြီးနားက အဝတ်အထည် အစားအသောက်ပေါတယ်။ ဈေးလည်း ကွာတယ်။ ဥပမာ သိန်း (၅၀) လှူမယ်ဆိုရင် မြစ်ကြီးနားကနေ စားနပ်ရိက္ခာဝယ်သွားရင် လူတစ်ရာအတွက်ရမယ်။ ဖားကန့်မှာ ဝယ်ရင် လူခုနစ်ဆယ်အတွက်ပဲ ရမယ်။ အဲဒီလို ကွာနေတယ်"

ဒါကြောင့် ဆယ်ဇင်းရွာက ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အလှူငွေတင် မဟုတ်ဘဲ အဝတ်အထည်၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေပါ ကူညီခွင့်ရချင်တယ်လို့ သူက ဆိုပါတယ်။

လက်ရှိ ဖားကန့်မြို့ပေါ်က စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးဒုက္ခ သည် စခန်းတွေ အများဆုံးဖွင့်ထားပြီး အကူအညီပေးနေကြတာပါ။

လတ်တလောအခြေအနေအရ စားနပ်ရိက္ခာ အခက်အခဲတွေ ရှိနေတယ်လို့ စစ်ဘေးဒုက္ခ သည်တစ်ဦးက RFA ကို ပြောပါတယ်။

"ကျမတို့အဖွဲ့ဆို အားလုံးပေါင်း ၂၂၀ လောက်ရှိတယ်။ ကိုယ်ဝန်သည်တွေ၊ အသက်ကြီး အဘိုးအဘွားတွေပါတော့ ဆေးဝါးလည်း လိုအပ်တယ်။ စားနပ်ရိက္ခာဆို ပိုလိုအပ်နေ တယ်။ အခုကျမတို့ကို မကူညီဖို့ ပိတ်ပင်နေတာတွေ ရှိတယ်လို့လည်း ကြားတယ်။ နေ့စဉ်အိတ်စိုက်ကျွေးနေတဲ့ ဘုန်းဘုန်းကိုလည်း ထမင်းစားတိုင်း အားနာနေရတယ်"

ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ် (SNA) တို့ ပူးပေါင်းပြီး ဆယ်ဇင်းရွာက နေအိမ်လေးရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ သုံးထောင်ဝန်းကျင်ဟာ နေရပ်စွန့်ခွာပြီး ဖားကန့် မြို့နယ် မှော်စီစာရွာ၊ နမ့်မဖြစ်ရွာအပြင် မိုးညှင်းမြို့နယ်နဲ့ ဟုမ္မလင်းဒေသတွေဘက်ကို ထွက်ပြေးနေရတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။