မြစ်ကြီးနားက ၇ နှစ်အရွယ် ကလေးတစ်ဦး ကျည်ထိမှန်သေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်က ရဲတပ်ရင်း ၃၀ မှာ ဖေဖော်ဝါရီ ၁ ရက် ဒီမနက် ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် အနီးဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ရာ ကလေးငယ်တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မနက်ခြောက်နာရီလောက်မှာ အသက် ၇ နှစ်အရွယ် မောင်မိုဟမ္မဒ်စိုင်ဖွလ္လာဟ် (ခ) မောင်ဘုန်းခန့်ထည်ကို ကျည်ဆန်ထိမှန်သေဆုံးခဲ့ပြီး အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေက ဆေးရုံကို သယ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ခြောက်နာရီလောက်က ရဲတပ်ရင်းအနီးမှာ ဗုံးသံအရင်ကြားတယ်။ အဲဒါပြီးတော့ စစ်ကောင်စီဘက်က သေနတ်တွေနဲ့ရမ်းပစ်တာ အိမ်မှာအိပ်နေတဲ့ ကလေးက ရင်ဘတ်မှာ သေနတ်ကျည်ပေါက်ပြီး ဆုံးသွားတာ။ အလောင်းကိုတော့ စစ်ကောင်စီ တပ်တွေ ယူသွားတယ်”
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ ရမ်းသမ်းပစ်လိုက်တဲ့ ကျည်ဆန်ဟာ အိမ်ထရန်ကို ဖောက်ထွက်ကာ အိမ်ထဲမှာအိပ်နေတဲ့ ကလေးငယ်ကို ထိမှန်ပြီးသေဆုံးခဲ့တာလို့ အဲဒီဒေသခံက ပြောပါတယ်။
အဲဒီပေါက်ကွဲမှုဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်လဲဆိုတာ RFA က သီးခြားအတည် မပြုနိုင်သေးသလို ဒီမနက်ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်း အတည်ပြုနိုင်ဖို့ ကြိုးစားနေ ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်တပ်က အဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့ရသူ ၁၄ ယောက်ရှိပြီလို့ ဒေသခံတွေပြောပြ ချက်အရ သိရပါတယ်။