ရခိုင်ဒေသခံ ရှစ်ဦး မတရားအသင်းဆက်သွယ်မှုနဲ့ ထောင်ဒဏ်ချမှတ်ခံရ

RFA Burmese
2023.12.01
ရခိုင်ဒေသခံ ရှစ်ဦး မတရားအသင်းဆက်သွယ်မှုနဲ့ ထောင်ဒဏ်ချမှတ်ခံရ ရခိုင်ပြည်နယ်၊ သံတွဲမြို့အဝင်ကို ၂၀၁၆ ခုနှစ်အတွင်း တွေ့ရစဉ်။
Photo: RFA

ရက္ခိုင့်တပ်တော် (AA) နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရခိုင်ပြည်နယ် သံတွဲနဲ့ တောင်ကုတ်မြို့နယ်တွေက ဒေသခံ ရှစ်ဦးကို နိုဝင်ဘာလ ၂၉ ရက်နေ့က သက်ဆိုင်ရာမြို့နယ် တရားရုံးတွေကနေ ထောင်ဒဏ် သုံးနှစ်စီ ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့က ထောင်ဒဏ်ချမှတ်ခံရသူတွေကတော့ ခရိုင် ထွေ/အုပ် အကြီးတန်းစာရေး ဦးဝင်းမောင်မောင်ဖြိုး အပါအဝင် ဒေသခံတွေဖြစ်တဲ့ ဦးစိန်သောင်း၊ ဦးဝင်းမောင်နဲ့ ဦးခင်မောင်အေး တို့ဖြစ်ပါတယ်။ တောင်ကုတ်မြို့နယ်မှာတော့ ဦးထွန်းချစ်၊ ဦးအောင်မျိုးသိုက်၊ ဦးမျိုးမြင့်နဲ့ နောက်ထပ် ဒေသခံတစ်ဦးတို့ ထောင်ဒဏ်တွေ ချမှတ်ခံရတာပါ။

သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်းက ဖမ်းဆီးခံရပြီး တစ်နှစ်ခန့်အကြာ တရားရင်ဆိုင်ရပြီးနောက် အခုလို ထောင်ဒဏ်တွေ ချမှတ်ခံရတာလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူတစ်ဦးဖြစ်တဲ့ ခရိုင် ထွေ/အုပ် အကြီးတန်းစာရေး ဦးဝင်းမောင်မောင်ဖြိုးနဲ့ နီးစပ်သူတစ်ဦးတစ်ဦးကတော့ သူတို့ကိုဖမ်းဆီးပြီး စစ်ကြောရေးမှာ ကတည်းက AA နဲ့ ဆက်စပ်ကြောင်း ဝန်ခံခိုင်းတာတွေရှိနေတယ်လို့ RFA ကိုပြောပါတယ်။

"ကိုဖြိုးနဲ့ ပတ်သက်ပြီးတော့ မိသားစုက သတင်းတောင် အမေးမခံဘူး။ ကျွန်တော်က သူ့ကိုအဲဒီလိုတော့ မထင်ထားဘူး။ ဒါပေမဲ့ သူကိုယ်တိုင်က ဝန်ခံထားတယ်လို့ ပြောတယ်၊ စစ်ကြောရေးမှာ"

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာလည်း AA ဆက်စပ်တယ်ဆိုပြီး ရခိုင်ပြည်နယ် အမ်း၊ စစ်တွေနဲ့ ကျောက်တော်မြို့နယ်တွေက ဒေသခံ ငါးဦးကို သက်ဆိုင်ရာမြို့နယ် တရားရုံးတွေကနေ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခဲ့ပါတယ်။

AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့သူတွေထဲက ၆၁ ဦးကိုတော့ အမှုပိတ်သိမ်းပြီး လွှတ်ပေးလိုက်တဲ့အကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ်သတင်းမှာ ဩဂုတ်လ ၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို လွှတ်ပေးတာတွေရှိပေမယ့် လက်ရှိ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေသလို AA နဲ့ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထောင်ချခံနေရတာတွေ လည်း ဆက်ရှိနေတယ်လို့ ထောင်ဒဏ်ချမှတ်ခံရသူ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။