စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ဒေသခံ ၂၀ ဦးကို အကြမ်းဖက်ပုဒ်မနဲ့ ထောင်ချ
2023.02.19

စစ်ကိုင်းတိုင်းက ဒေသခံ ၁၉ ဦးနဲ့ မကွေးတိုင်းက ဒေသခံတစ်ဦး၊ စုစုပေါင်း ဒေသခံ ၂၀ ဦးကို စစ်ကောင်စီတရားရုံးတွေက ဖေဖော်ဝါရီလ ၁၇ ရက်မှာပဲ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ ထောင်ဒဏ်လေးနှစ်ကနေ ၁၅ နှစ်အထိ အသီးသီး ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီအတွက် ဝါဒဖြန့်နေတဲ့ တယ်လီဂရမ်ချန်နယ်တွေရဲ့ ဖော်ပြချက်အရလည်း အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ၂၀ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ဈ)၊ ၅၀(ည)၊ ၅၁(ဂ)၊ ၅၂(က) တွေနဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်က လေးဦး၊ ဘုတလင်မြို့နယ်က တစ်ဦး၊ မြောင်မြို့နယ်က ငါးဦး၊ ယင်းမာပင်မြို့နယ်က တစ်ဦး၊ ကန့်ဘလူမြို့နယ်က ရှစ်ဦးနဲ့ မကွေးတိုင်း ပခုက္ကူမြို့နယ်က တစ်ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့တာပါ။
ထောင်ဒဏ်ချမှတ်ခံရသူတွေဟာ မုံရွာမြို့နယ်က ကိုကျော်ဟိန်းသူ၊ ကိုကျော်စွာဝင်း၊ ကိုအေးမင်းခန့်၊ ကိုခင်မောင်ဦး၊ ဘုတလင်မြို့နယ်က ကိုမျိုးဇော်ထွန်း၊ မြောင်မြို့နယ်က ကိုကျော်မျိုးဦး၊ ကိုလင်းထက်၊ ကိုမြတ်သူ၊ ကိုညီညီရဲမာန်၊ ကိုနေထက်လင်း၊ ယင်းမာပင်မြို့နယ်က ကိုသန့်ဇင်အောင်၊ ကန့်ဘလူမြို့နယ်က ကိုအောင်ဆန်းဦး၊ ကိုဖိုးသေး၊ ကိုကျော်တင်ဝင်း၊ ကိုရန်နိုင်ကျော်၊ ကိုမောင်ပွဲ၊ ကိုရဲလင်းအောင်၊ မစိုးမြတ်မွန်၊ ကိုလင်းလင်းအောင်နဲ့ မကွေးတိုင်း ပခုက္ကူမြို့နယ်က ကိုတင်ဝင်းစိန်တို့ ဖြစ်ပါတယ်။
စစ်ကောင်စီက သူ့ရဲ့အုပ်ချုပ်ရေးကိုဆန့်ကျင်သူတွေအပေါ် ဥပဒေကို လိုသလိုသုံးပြီး ဖိနှိပ်နေတာဖြစ်တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၁၇ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ၁၅,၈၈၂ ဦး ဖမ်းဆီးခံထားရပြီး အဲဒီထဲက ၃၈၃၃ ဦးက ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရပါတယ်။