ရေဖြူက CDM ပညာရေးဝန်ထမ်းနှစ်ဦး ထောင် ဆယ်နှစ်စီ ချမှတ်ခံရ
2024.05.30

Updated 12:39 PM May 30, 2024
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့တဲ့ ပညာရေးဝန်ထမ်းနှစ်ဦးကို ထားဝယ်ခရိုင်တရားရုံးကနေ မေလ ၂၈ ရက်နေ့မှာ ထောင်ဒဏ် ဆယ်နှစ်စီ ချမှတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၃၈ နှစ်အရွယ် အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်နီလာစန်းနဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ကျောင်းစာရေး ဒေါ်သီတာဦးတို့ကို ရာဇသတ်ကြီးပုဒ်မ-၅၀၅-က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀ (ည) တို့နဲ့ ထောင်ဒဏ်တွေချမှတ်ခဲ့တာလို့ ဒီဖြစ်ရပ်ကိုသိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်နီလာစန်းနဲ့ ဒေါ်သီတာဦးတို့ကို ထားဝယ်ခရိုင်တရားရုံးက ၂၈ ရက်နေ့က ဆယ်နှစ်စီ ချလိုက်တာ”
သူတို့နှစ်ဦးကို ဖေဖော်ဝါရီလ ၁၅ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး သုံးလကျော်ကြာ စစ်ဆေးပြီးနောက် အခုလို အမိန့်ချလိုက်တာလို့လည်း သူကဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ရေဖြူမြို့နယ် ကံပေါက်ဒေသမှာပဲ ဖေဖော်ဝါရီလက ဖမ်းဆီးခံခဲ့ရတဲ့ CDM ကျောင်းဆရာမတွေတဲ့ ဒေါ်ယဉ်ယဉ်အေးနဲ့ ဒေါ်သက်သက်မော်တို့ နှစ်ဦးလည်း မေလ ၇ ရက်နေ့က ထောင်ဒဏ်လေးနှစ်စီ ချမှတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
(မှတ်ချက် - ထားဝယ်ထောင်တွင်းတရားရုံးအစား ထားဝယ်ခရိုင်တရားရုံးဟု ပြင်ဆင်ရေးသားထားပါသည်။)