ချင်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စာသင်ကျောင်း ၁၅၀၀ ကျော် ပိတ်ထားရ

RFA Burmese
2024.06.07
ချင်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စာသင်ကျောင်း ၁၅၀၀ ကျော် ပိတ်ထားရ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ စာသင်ကျောင်းတစ်ကျောင်းအား ၂၀၁၄ ခုနှစ် မတ်လ ၁၇ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ချင်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အခြေခံပညာစာသင်းကျောင်း ၁၅၀၀ ကျော် ပိတ်ထားရတယ်လို့ ပြည်နယ် ပညာရေးဌာနစာရင်းတွေအရ သိရပါတယ်။

ချင်းပြည်နယ်တစ်ခုလုံးမှာ စာသင်ကျောင်းပေါင်း ၁၅၅၁ ကျောင်း ရှိပါတယ်။ အဲဒီထဲက ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်မှာ စာသင်ကျောင်း ၃၈ ကျောင်းပဲ ဖွင့်လှစ်နိုင်ပါတယ်။ ဒါကြောင့် စာသင်ကျောင်းပေါင်း ၁၅၁၃ ကျောင်း ပိတ်ထားရတာပါ။

ဟားခါးမြို့မှာ ခြောက်ကျောင်း၊ ဖလမ်းမြို့မှာ ဆယ်ကျောင်း၊ မင်းတပ်မြို့မှာ လေးကျောင်း၊ မတူပီမြို့နယ်မှာ ၁၅ ကျောင်း၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့မှာ သုံးကျောင်းတို့ဖြစ်တယ်လို့ ပြည်နယ်ပညာရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒီနှစ်ကဖွင့်နိုင်တဲ့ ကျောင်းကနည်းသလို ဖွင့်တဲ့နေရာမှာလည်း ကျောင်းအပ်တာ နည်းတယ်။ အရင်နှစ်က တွန်းဇံနဲ့ တီးတိန်က မြို့ပေါ်မှာ ဖွင့်နိုင်တယ်။ ဒီနှစ်တော့ မရတော့ဘူး”

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်မှာတော့ ထန်တလန်မြို့နယ်ကလွဲပြီး ချင်းပြည်နယ်က မြို့နယ်ရှစ်မြို့နယ်မှာ ကျောင်းပေါင်း ၃၂၈ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းတက်ရောက်သူ စုစုပေါင်း ၃၅,၄၃၄ ဦးရှိတယ်လို့ ပြည်နယ် ပညာရေးဌာနစာရင်းအရ သိရပါတယ်။

ချင်းပြည်နယ်မှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNDF) တွေအကြား တိုက်ပွဲတွေ ဖြစ်လာတာပါ။

လက်ရှိမှာ တွန်းဇံမြို့အပါအဝင် ကျီခါး၊ ရိဒ်ခေါဒါရ်၊ ဆူရ်ခွား၊ ရေဇွာ၊ လိုင်လင်းပီ၊ မကွီးအိမ်နူး၊ နှာရိန်၊ ဝေဘူလ၊ ကျင်ဒွေး စတဲ့မြို့ ဆယ်မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူထားပြီး ပလက်ဝမြို့နဲ့ ဆမီးမြို့ကိုတော့ ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။