မြန်မာအခြေစိုက် အွန်လိုင်းကနေငွေလိမ်တဲ့ဂိုဏ်းက တရုတ်နိုင်ငံသားတွေကို ထိုင်းရဲဖမ်းဆီး

မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး အင်တာနက်ကနေ ငွေလိမ်တဲ့လုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံသားအချို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အောက်တိုဘာလ ၃၁ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အသက် ၃၃ နှစ်အရွယ် တရုတ်နိုင်ငံသား ဟွမ်တင်ယုံ ဆိုသူကို ဘန်ကောက်မြို့က လက်ဝှေ့အားကစားရုံတစ်ခုမှာ ဖမ်းဆီးပြီး လူကုန်ကူးမှုနဲ့ ရာဇဝတ်မှုဂိုဏ်းတစ်ခု ဖွဲ့စည်းတဲ့ အမှုတွေနဲ့ စွဲဆိုလိုက်ပါတယ်။
သူ ဦးဆောင်တဲ့ အင်တာနက် call-center လုပ်ငန်းဟာ ထိုင်း-မြန်မာနယ်စပ်က မြဝတီမြို့မှာ အခြေစိုက်ပြီး၊ ထိုင်း၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကို လာအလုပ်လုပ်ဖို့ ဖြားယောင်းသွေးဆောင်ပြီး အင်တာနက်ကနေ ငွေလိမ်ပေးရတဲ့ အလုပ်ကို လုပ်ခိုင်းနေကြောင်း၊ လာအလုပ်လုပ်သူတွေဟာ အင်တာနက်ကနေ ငွေများများလိမ်မပေးနိုင်ရင် နှိပ်စက်ညှဉ်းပန်းခံရပြီး ငွေပေးမှ ပြန်လွှတ်ပေးတဲ့အကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဟာ အင်တာနက်ပေါ်ကနေ ငွေလိမ်တဲ့သူတွေကို ဖမ်းဆီးဖို့ ၂၀၂၁ ခုနှစ်ကတည်းက စတင်ကြိုးပမ်းခဲ့တာ ဖြစ်ပြီး ထိုင်းနိုင်ငံသားနဲ့ နိုင်ငံခြားသား ၁၉ ဦးကို ဖမ်းဆီးဖို့ ဝရမ်းထုတ်ထားတဲ့အထဲက ခုနစ်ဦး ဖမ်းဆီးရမိထားပြီးဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီလုပ်ငန်းတွေမှာ ဖမ်းဆီးစေခိုင်းခံထားရသူတွေရဲ့ ထွက်ဆိုချက်အရ တရုတ်နိုင်ငံသား ဟောင်တီရန် ယုန်ဟာ မြဝတီမှာ အခြေစိုက်ပြီး အင်တာနက်ကနေ ငွေလိမ်တဲ့ လုပ်ငန်းတွေရဲ့အကြီးအကဲဖြစ်ပြီး အင်တာနက်ကနေ ငွေလိမ်မပေးနိုင်ရင် သူတို့ကို အမှောင်ခန်းထဲ ထည့်ထားတာ၊ ကတုံးတုံးတာနဲ့ ကျဉ်စက်နဲ့ တို့တာတွေ လုပ်ပြီး အပြစ်ပေးတဲ့အကြောင်းပြောပါတယ်။
ဒီလုပ်ငန်းတွေမှာ ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား ခုနစ်ဦးဟာ သူတို့ပြန်လွတ်မြောက်ဖို့ ဟောင်တီရန် ယုန်ရဲ့ လူတွေကို ဘတ်ငွေ ငါးသောင်းစီပေးခဲ့ရတဲ့အကြောင်း ထိုင်းရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဘက်မှာတော့ ဟောင်တီရန် ယုန်ရဲ့လူတွေက ဒီထိုင်းနိုင်ငံသားတွေဟာ လောင်းကစားအကြွေးတွေကို ပြန်မဆပ်ဘူးလို့ မြန်မာရဲတွေကို တိုင်ကြားတဲ့အတွက် မြန်မာဘက်က သူတို့ကို ပြည်နှင်ဒဏ်ပေး ပြန်ပို့ခဲ့တာဖြစ်ကြောင်းလည်း ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။
မြဝတီမှာ အခြေစိုက်တဲ့ အင်တာနက်ကနေ ငွေလိမ်ပေးရတဲ့ ဒီအလုပ်စခန်းတွေမှာ ဖြားယောင်းခေါ်ဆောင်လာပြီး အတင်းအကျပ်စေခိုင်းခံနေရတဲ့ ထိုင်း၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံသား ရာနဲ့ ချီပြီး ရှိနေတယ်လို့ လွတ်မြောက်လာတဲ့ ထိုင်းနိုင်ငံသားတွေက ပြောတဲ့အကြောင်း ထိုင်းရဲတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။