ငွေလိမ်ဂိုဏ်းမှာ ခိုင်းစေခံရသူတွေရဲ့ အင်္ဂါအစိတ်အပိုင်း ထုတ်ယူခံရ
2023.11.30

မြန်မာနိုင်ငံက အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေမှာ လုပ်ကိုင်ဖို့ လူကုန်ကူးခံရသူတွေဟာ ခိုင်းစေတဲ့ ခွဲတမ်းအတိုင်း ပြည့်မီအောင် အလုပ်လုပ်မပေးနိုင်ရင် အဲဒီလူတွေရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အဓမ္မရောင်းချခိုင်းတယ်လို့ ဗီယက်နမ် အခြေစိုက် Blue Dragon လူမှုကူညီရေးအဖွဲ့က မနေ့က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာလည်ပတ်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ အနည်းဆုံး လူတစ်သိန်းနှစ်သောင်း ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကလည်း ပြောပါတယ်။
ဒီလူတွေဟာ အွန်လိုင်းငွေလိမ်ဂိုဏ်း စက်ကွင်းထဲကျရောက်တဲ့ သားကောင်တွေဆီက ငွေဘယ်ရွေ့ဘယ်မျှရရှိအောင် ယူရမယ်လို့ လုပ်ငန်းရှင်တွေက ခွဲတမ်းချပေးပါတယ်။
သတ်မှတ်လျာထားတဲ့ ခွဲတမ်းအတိုင်း ငွေရအောင်လုပ်မပေးနိုင်ရင် ရုပ်ပိုင်းဆိုင်ရာဒဏ်ပေးခံရပြီး မကြာခင်အချိန်ပိုင်းတွေမှာ ကျောက်ကပ်လို အင်္ဂါအစိတ်အပိုင်းတွေပါ ထုတ်ယူခံရတယ်လို့ Blue Dragon က ပြောတဲ့အကြောင်း AFP သတင်းက ဖော်ပြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ဆင်နွှဲတဲ့ ထိုးစစ်ကြောင့် တိုက်ပွဲတွေ ဖြစ်ပွားပြီး အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေမှာ အဓမ္မခိုင်းစေခံရသူတွေ ပိတ်မိကုန်ပါတယ်။
ဒီလူအတော်များများကယ်ထုတ်နိုင်ပေမဲ့ ဗီယက်နမ်နိုင်ငံသားတွေ အိမ်မပြန်နိုင်သေးဘဲ ဘယ်သွားရမှန်းမသိဘူးလို့ Blue Dragon တည်ထောင်သူက ပြောကြားပါတယ်။