စစ်တွေမှာ ဆရာတော် ဦးဥတ္တမ အခမ်းအနား အကန့်အသတ်နဲ့ ကျင်းပ

2021.09.08
စစ်တွေမှာ ဆရာတော် ဦးဥတ္တမ အခမ်းအနား အကန့်အသတ်နဲ့ ကျင်းပ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူတဲ့ ၈၂ နှစ်မြောက် အခမ်းအနားကို ၂၀၂၁ စက်တင်ဘာ ၉ ရက်နေ့မှာ ကျင်းပနေတာကိုတွေ့ရစဥ်
Photo: RFA

ရခိုင်ပြည်နယ်မှာ စစ်တွေမြို့မှာ ဆရာတော် ဦးဥတ္တမပျံလွန်တော်မူတဲ့ ၈၂ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ဒီနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာ ကိုဗစ်ကပ်ရောဂါ အခြေအနေတွေကြောင့် လူအကန့် အသတ်နဲ့ ကျင်းပနေပါတယ်။

ဒေသတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေ၊ သေဆုံးမှုတွေ ရှိနေသေးတာကြောင့် လူစုလူဝေးတွေ မလုပ်ဖို့ ကိုဗစ်စည်းကမ်းချက်တွေလည်း ရှိနေသေးတာပါ။

ဒါကြောင့် အောက်မေ့ဖွယ်အခမ်းအနားကို အရင်နှစ်တွေကလို စည်စည်ကားကား ကျင်းပလို့မရဘဲ တစ်ဦးတစ်ယောက်ချင်းအပြင် လူအစုအဖွဲ့ အနည်းငယ်စီနဲ့ လာရောက်ဂါရဝပြုနေကြရတယ်လို့ ပန်းခွေဆက်ကပ် ပူဇော်နေကြတဲ့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ဆရာတော်ဦးဥတ္တမဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ဇာတိဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် နယ်ချဲ့ အင်္ဂလိပ်ကိုတော်လှန်ဖို့ စတင်ကြိုးပမ်းခဲ့တဲ့ ပုဂ္ဂိုလ်အဖြစ် ထင်ရှားပါတယ်။

ဆရာတော်ဟာ နယ်ချဲ့ဆန့်ကျင်ရေးတရားတွေ ဟောကြားမှုကြောင့် အကြိမ်ကြိမ်ထောင်ချခံခဲ့ရပြီး ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ ပျံလွန်တော်မူခဲ့တာ ဒီနေ့ဆိုရင် ၈၂ နှစ်မြောက်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။

အရင်နှစ်တွေကဆိုရင် ဆရာတော်ဦးဥတ္တမ အောက်မေ့ဖွယ်အခမ်းအနားကို ရခိုင်ပြည်နယ်နဲ့ ရန်ကုန်မြို့တွေမှာ စည်းစည်းကားကားကျင်းပခဲ့တာပါ။ ဒါပေမဲ့ ကိုဗစ်ကူးစက်မှုရှိလာတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကစလို့ အခုလို အကန့်အသတ်တွေနဲ့ ကျင်းပနေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရလို့ သေဆုံးသူ ၄၁၄ ဦးနဲ့ ကူးစက်ခံရသူ ၄,၄၀၀ ဦးရှိသွားပြီလို့ မနေ့က စက်တင်ဘာလ ၈ ရက်နေ့က ရခိုင်ပြည်နယ်ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။