ဆောမြို့နယ်မှာ လေကြောင်းကတိုက်လို့ ၁၆ ဦး သေဆုံး
2024.05.09

[Update: 12: 00 PM, May 10, 2024]
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ် အကြည်ပန်းပလွန်းရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေတိုက်လို့ သေဆုံးတဲ့သူ ၁၆ ဦးရှိပြီး ဒဏ်ရာရတဲ့သူ ၂၅ ဦး ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးတဲ့သူအထဲမှာ အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးလည်း ပါတယ်လို့ ဆိုပါတယ်။
မနေ့က မေလ ၉ ရက် မနက် ဆယ်နာရီခွဲလောက် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အစည်းအဝေး လုပ်နေတဲ့အချိန်မှာ လေယာဉ်ပေါ်ကနေ ဆက်တိုက်ပစ်တာလို့ လုံခြုံရေးအရ အမည်လွှဲထားတဲ့ ကိုလင်း က RFA ကို ပြောပါတယ်။
“ကျောင်းကို မီးလောင်ဗုံးတွေ ကြဲသွားတဲ့အတွက် မီးကတစ်ခါတည်းတန်းလောင်ပြီး အောက်က ၁၁ ယောက်၊ ၁၂ ယောက်လောက်က မီးထဲမှာ ပါသွားတာပေါ့ ”
သေဆုံးသူတွေကို တစ်ရက်တည်းမှာပဲ သင်္ဂြိုဟ်လိုက်ပြီး၊ ဒဏ်ရာရတဲ့သူတွေကို ဆေးကုနေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
ဒေသအခြေစိုက် ယောအလင်းတန်းမီဒီယာမှာတော့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသူဟာ အယောက် ၂၀ ခန့်ရှိပြီး ဒဏ်ရာရသူဟာ အယောက် ၃၀ ကျော်ရှိတယ်လို့ မနေ့က ဖော်ပြခဲ့ပေမဲ့ ဒီနေ့မနက်အထိ အခြေအနေအရ သေဆုံးသူ ၁၆ ယောက်နဲ့ ဒဏ်ရာရသူ ၂၅ ယောက်သာ အတည်ပြုနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ကျောက်ထုတိုက်နယ်မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ အကြိမ်ကြိမ်ပစ်ခတ်တိုက်ခိုက်လို့ လူတွေသေဆုံးတာရှိခဲ့ပေမဲ့ အကြည်ပန်းပလွန်းရွာက ဖြစ်ရပ်က အရပ်သားပြည်သူသေဆုံးမှု အများဆုံးလို့ ဒေသခံတွေက ပြောပါတယ်။
ဆောမြို့နယ် ကျောက်ထုတိုက်နယ်ဟာ မိုဘိုင်းဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
(အပြည့်အစုံကို နောက်ပိုင်းမှာ ဆက်လက်တင်ပြပါ့မယ်။)
(မှတ်ချက် - မူလသတင်းတွင် သေဆုံးသူ ၂၀ ခန့်နှင့် ဒဏ်ရာရသူ ၃၀ ကျော်ရှိကြောင်း ဒေသအခြေစိုက် ယောအလင်းတန်းမီဒီယာ၏ အချက်အလက်အပေါ် ကိုးကားဖော်ပြချက်အား ပြန်လည်ပြင်ဆင်ထားပါသည်။)