NLD ခေါင်းဆောင်တွေနဲ့တွေ့ဖို့ ဂျပန်ကိုယ်စားလှယ် ကြိုးပမ်းမည်

မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုတွေကို ကျော်ဖြတ်သွားနိုင်ဖို့အတွက် နိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသလို ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် ကဏ္ဍအသီးသီးက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနိုင်ရေး ကြိုးပမ်းသွားမယ်လို့ ဂျပန်အစိုးရရဲ့ အထူး ကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ က ပြောပါတယ်။
ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ ဟာ နိုဝင်ဘာ ၁၅ ရက်နေ့က စစ်တွေမြို့ကို ရောက်လာစဉ် သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းကြမလဲဆိုတာတွေကို ပြည်တွင်းနိုင်ငံရေးပါတီက ခေါင်းဆောင်တချို့ကို စစ်တွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ပါတီခေါင်းဆောင်တွေဆီကနေ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ဘယ်လိုပုံစံနဲ့ ကျော်လွှားရင် အဆင်ပြေမလဲဆိုတာကို အကြံတောင်းခဲ့ပြီး ပါတီခေါင်းဆောင်တွေကလည်း သူတို့ရဲ့ ယူဆချက်တွေကို တင်ပြဆွေးနွေးခဲ့တယ်လို့ မစ္စတာ ဆာဆာကာဝါနဲ့ နိုဝင်ဘာ ၁၇ ရက် ဒီကနေ့ တွေ့ဆုံခဲ့တဲ့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။
ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နဲ့ တွေ့ဆုံခဲ့သလို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးစိုင်းညွန့်လွင်နဲ့ ဦးစိုင်းကျော်ညွှန့်၊ ပြည်ထောင်စုပါတီ ဥက္ကဋ္ဌ ဦးစောသန်းမြင့်၊ တောင်သူလယ်သမားပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနဲ့ ငြိမ်းချမ်းရေးကော်မရှင် (PC) အကြံပေး ဦးလှမောင်ရွှေတို့အပါအဝင် တခြားနိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရကာ စစ်ကောင်စီက တရားစွဲထားတဲ့အမှုတွေကို ရင်ဆိုင်နေကြရပါတယ်။
ရခိုင်ပြည်နယ်ထဲက အရေးအခင်းတွေ အပါအဝင် ပြည်ထောင်စုငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး စတာတွေနဲ့ ပတ်သက်လို့ အဓိက ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဘယ်အကြောင်းအရာတွေကို တင်ပြဆွေးနွေးခဲ့ကြတယ် ဆိုတာကိုတော့ လောလောဆယ် အသေးစိတ်ထုတ်ဖော်ပြောဆိုလို့ မရသေးဘူးလို့လည်း ဒေါက်တာ အေးမောင်က ပြောတယ်။
မစ္စတာ ဆာဆာကာဝါဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ကတည်းက မြန်မာနိုင်ငံကိုရောက်ရှိနေတာပါ။ ဒီကာလအတွင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီ တပ် ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး ရက္ခိုင့်တပ်တော် (AA) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း အွန်လိုင်း ကနေတစ်ဆင့် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့က စစ်တွေမြို့ကို ရောက်ရှိခဲ့ပြီး ပြည်နယ်စစ်ကောင်စီအဖွဲ့ အပါအဝင် ရခိုင်အမျိုးသား ပါတီ (ANP) နဲ့ စစ်ဘေးဒုက္ခသည်တွေ၊ မွတ်စလင် ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
သူ့ရဲ့ နီပွန်ဖောင်ဒေးရှင်းကနေလည်း မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး ဒေါ်လာ ၃ သန်းဖိုးခန့် လှူဒါန်းသွားမှာဖြစ်ပြီး ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းတွေ ဆောက်လုပ်ဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေ၊ မွတ်စလင် ဒုက္ခသည်တွေအတွက်လည်း အမေရိကန်ဒေါ်လာ ၈.၅ သန်း လှူဒါန်းပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။