မစ္စတာ ဆာဆာကာဝါ နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံ

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါရဲ့ ခရီးစဉ်တွင်း စစ်ကောင်စီရဲ့ အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့သလို NLD ပါတီ ခေါင်းဆောင်တချို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ နိုဝင်ဘာ ၁၈ ရက် ဒီနေ့ ရန်ကုန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်ပိုင်းတွေထဲက ဘယ်သူတွေနဲ့ တွေ့ဆုံခဲ့တယ် ဆိုတာကိုတော့ အသေးစိတ် ထုတ်ဖော်ပြောဖို့ မစ္စတာ ဆာဆာကာဝါက ငြင်းပါတယ်။
မကြာသေးခင်ကမှ ဖွဲ့စည်းလိုက်တဲ့ NLD ပါတီ လုပ်ငန်းကော်မတီရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွေး ကတော့ ဒေါက်တာ ဆာဆာကာဝါ အနေနဲ့ NLD ပါတီကို အမှန်တကယ် တွေ့ဆုံချင်တယ်ဆိုရင် အီးမေးလ်ကတဆင့် လုပ်ငန်းကော်မတီကို တရားဝင် စာရေးဆက်သွယ်ပြီး အမှန်တကယ် တာဝန်ရှိသူတွေကိုသာ တွေ့သင့်တယ်လို့ RFA ကို ပြောပါတယ်။
“သူက NLD ခေါင်းဆောင်တချို့နဲ့ တွေ့တယ်ဆိုတာ ဘယ်သူနဲ့ တွေ့တာလဲ၊ အဲဒီလူတွေက NLD ကို အမှန်တကယ် ကိုယ်စားပြုရဲ့လားဆိုတာ မသေချာဘူးဗျ။ တခြားနိုင်ငံရေးပါတီတွေကို တွေ့သလို NLD ပါတီက လက်ရှိတာဝန်ရှိသူတွေကို အမှန်တကယ် တွေ့ဆုံစကားပြောချင်တယ်ဆိုရင် လက်ရှိတာဝန်ရှိတဲ့ ကျနော်တို့ လုပ်ငန်းကော်မတီကို အီးမေးလ်ကဆင့် တရားဝင် စာရေးအကြောင်းကြားသင့်တယ်၊ ဒါဆို ကျနော်တို့က လက်ခံတွေ့မယ့်သူကို စီစဉ်ပေးလို့ရတာပေါ့၊ ခုတော့ အမှန်တကယ်မတွေ့ဘဲနဲ့ ပြည်သူလူထု ထင်ယောင်ထင်မှား ဖြစ်နိုင်တယ်”
ဒေါက်တာ ဆာဆာကာဝါကတော့ အခုလာရောက်တဲ့ ခရီစဉ်အတွင်းမှာ NLD ပါတီ၊ ရခိုင်အမျိုးသားပါတီ (ANP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တီပါတီ (SNDP)၊ ပြည်သူ့ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဖက်ဒရယ် ပြည်ထောင်စုပါတီတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ ကျန်းမာရေး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးစတဲ့ ဝန်ကြီးဌာနအသီးသီးက စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အရင်က ငြိမ်းချမ်းရေးအကျိုးဆောင်ဖြစ်ခဲ့တဲ့ ဝန်ကြီးဟောင်း ဦးအောင်မင်း၊ ဘာသာရေးခေါင်းဆောင်အနေနဲ့ အရှင်ဆေကိန္ဒ အပါအဝင် ကဏ္ဍအသီးသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကို စည်းလုံးညီညွတ်တဲ့ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံအဖြစ် မြင်ချင်တာကြောင့် သူ့အနေနဲ့ ဆက်ကြိုးစားသွားဖို့ရှိတယ်လို့ ဒေါက်တာဆာဆာကာဝါက ပြောပါတယ်။
“ကျနော့်အနေနဲ့ကတော့ မြန်မာနိုင်ငံကို အင်မတန် စည်းလုံးညီညွတ်မှု ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ အဖြစ် ကျနော်မြင်ချင်ပါတယ်။ ဒီအတွက်ကြောင့်မိုလို့လည်း ကျနော့်အနေနဲ့ တတ်နိုင်သမျှ ရှေ့ဆက် လက်ပြီးတော့မှလည်း ကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်းကို ကျနော့်အနေနဲ့ ကတိပေးပြောကြား လိုပါတယ်”
ဒေါ်အောင်ဆန်းစုကြည်နဲ့ကတော့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလက နောက်ဆုံးတွေ့ခဲ့ရပြီး အဲဒီတွေ့ဆုံစဉ်တုန်းက ဒေါ်အောင်ဆန်းစုကြည် မြတ်နိုးတန်ဖိုးထားတဲ့ ဂျပန်ဓါးတစ်ချောင်း သံချေးတက်နေတာကြောင့် ပြန်လည် ပြုပြင်ပေးဖို့ ဂျပန်နိုင်ငံကို ထည့်ပေးလိုက်တယ်လို့ ဒေါက်တာဆာဆာကာဝါ က ပြောပါတယ်။
“အခုကလည်း ဒီဓါးက ပြုပြင်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့် အတတ်နိုင်ဆုံး အမြန်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ပေးအပ်နိုင်မယ့်ရက်ကို မျှော်လင့်လျက်ရှိပါတယ်”
နီပွန်ဖောင်ဒေးရှင်းအနေနဲ့ မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေ အပါအဝင် အကူအညီ လိုအပ်နေသူတွေ အတွက် အမေရိကန် ဒေါ်လာ ၁၇ သန်းကို ထောက်ပံ့ဖို့ရှိတယ်လို့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။