ဂျပန်အထူးကိုယ်စားလှယ် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့နှင့် တွေ့ဆုံ

2022.03.10
ဂျပန်အထူးကိုယ်စားလှယ် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့နှင့် တွေ့ဆုံ ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါနဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်အချို့ မတ်လ ၁၀ ရက် ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မစ္စတာ ဆာဆာကာဝါဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အပါအဝင် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ တွေ့ချိန်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ လေးကေ့ကော်မြို့ အကြောင်းကို အဓိကဆွေးနွေးတာလို့ KNU ဗဟိုနိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ သိရသလောက် ကျွန်တော်တို့ ဥက္ကဋ္ဌ သွားတွေ့တာက ဒီလေးကေ့ကော် မြို့သစ်နဲ့ ပတ်သက်ပြီးတော့ အားလုံးသိပြီးသားပါ။ အဲဒီတုန်းကတော့ ကျွန်တော်တို့ ဥက္ကဋ္ဌ ကိုယ်တိုင် ကမကထပြုပြီးတော့ ကရင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ တွဲပြီး အုတ်မြစ်ချတယ်။ ကုန်ကျတဲ့ ရန်ပုံငွေအားလုံးကို နီပွန်ဖောင်ဒေးရှင်းကနေပြီးတော့ ကုန်ကျတယ်ဆိုတာလည်း သိတယ်။ မစ္စတာဆာဆာကာဝါကလည်း နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဖြစ်တယ်။ အဲဒါကြောင့် ဒီကိစ္စကို သွားတွေ့တယ်လို့ ကျွန်တော်တို့ သိရတယ်။ တခြားဟာတော့ ကျွန်တော်တို့ ဘာမှ မသိသေးဘူးဗျ။”

မစ္စတာ ဆာဆာကာဝါဘက်က ဘာတွေ ဆွေးနွေးခဲ့တယ် ဆိုတာကိုတော့ အသေးစိတ်ပြောလို့ မရသေးပေမယ့် KNU ရဲ့ သဘောထားကတော့ လေးကေ့ကော်မြို့မှာ အရပ်သားတွေ လုံခြုံရေး အာမခံချက်အပြည့်နဲ့ ပြန်ပြီးနေထိုင်နိုင်ဖို့ ဖြစ်တယ်လို့လည်း ပဒိုစောတောနီးက ဆိုပါတယ်။

KNU ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ လေးကေ့ကော်မြို့သစ်ဟာ ဦးသိန်းစိန်အစိုးရလက်ထက်က ငြိမ်းချမ်းရေး အထိမ်းအမှတ်ဆိုပြီး ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းအကူအညီနဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ KNU ဥက္ကဋ္ဌတို့ ၂၀၁၅ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဝန်ထမ်းတွေ ဒီမြို့တွင်း ခိုလှုံ နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းရာကနေ နှစ်ဖက် တိုက်ပွဲဖြစ်ခဲ့ပြီး တစ်မြို့လုံးက ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာပါ။

ဒီကနေ့ မနက်ပိုင်းမှာပဲ မစ္စတာ ဆာဆာကာဝါဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ခေါင်းဆောင် တွေနဲ့ပါ ထပ်မံတွေ့ဆုံခဲ့ပါတယ်။

KNPP အတွင်းရေးမှူး(၁) ခူးဒယ်နီယာကတော့ သူတို့အနေနဲ့ ကယားပြည်နယ်အတွင်း စစ်ဘေးကြောင့် ဒုက္ခရောက်နေတဲ့ အရပ်သားတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီတွေပေးဖို့ ဆွေးနွေးတာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ကတော့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ လူထုအတွက် ရရှိဖို့ကတော့ သူနဲ့မှ မဟုတ်ဘူး၊ ကျန်တဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ်။ သူတို့ ဘယ်လိုထောက်ပံ့မလဲ၊ ဥပမာ-တိုက်ရိုက်လုပ်မလား၊ ကျွန်တော်တို့ ကရင်နီပြည်နယ်မှာရှိတဲ့ လူမှုအသင်းအဖွဲ့တွေနဲ့ တိုက်ရိုက်လုပ်မယ်၊ KNPP နဲ့ တိုက်ရိုက် လုပ်မယ် စသဖြင့် အဲလိုမျိုးဟာတွေကို ကျွန်တော်တို့ လက်ခံနိုင်တယ်။ စစ်ကောင်စီက တစ်ဆင့် လုပ်မယ်ဆိုရင် ကျွန်တော်တို့ မစဉ်းစားဘူး။ လက်လည်း လက်မခံဘူး”

ဒါ့အပြင် ဂျပန်အထူးကိုယ်စားလှယ်ဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာပဲ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့တဲ့ ဦးလှမောင်ရွှေနဲ့ ဦးအောင်နိုင်ဦး၊ ညနေပိုင်းမှာ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်ဆစ်တို့နဲ့ သီးခြား တွေ့ဆုံခဲ့သလို PPST ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်မှူးကြီးခွန် ဥက္ကာ၊ ဗိုလ်မှူးကြီး စိုင်းငင်းတို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်းအဖြေရှာမှုတွေ ဖြစ်လာဖို့ ဂျပန် အထူးကိုယ်စားလှယ်နဲ့ ဆွေးနွေးမယ်လို့ ဒီတွေ့ဆုံမှုမတိုင်ခင် ဗိုလ်မှူးကြီးခွန်ဥက္ကာ RFA ကို ပြောထားပါတယ်။

“လူသားချင်းစာနာမှုဆိုင်ရာ အထူးအကူအညီတွေပေးနိုင်တဲ့ နည်းလမ်းရှာရမှာပေါ့ ။ ဘာကြောင့်လဲဆိုတော့ သာမန်လူတွေက အတော်ဒုက္ခရောက်နေပြီ။ အဓိက ကတော့ အထူးကိုယ်စားလှယ်ခရီးစဉ်ကနေပြီးတော့ နည်းနာရှာပြီးတော့ လက်ရှိ ပဋိပက္ခတွေ ချုပ်ငြိမ်းနိုင်ဖို့၊ ရပ်တန့်နိုင်ဖို့ နည်းလမ်းရှာရမှာပေါ့”

နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှု အသေးစိတ်ကိုတော့ တွေ့ဆုံးဆွေးနွေးမှုမှာပါဝင်ခဲ့တဲ့ ခေါင်းဆောင်အချို့က ရှင်းရှင်းလင်းလင်း ထုတ်ပြောတာမရှိသေးသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

"လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေပေးရင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ကိစ္စတွေကို ချဉ်းကပ်လိမ့်မယ်လို့ ယူဆရတာပေါ့”


တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တချို့ကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်လာဖို့ အခုလို လာရောက်တွေ့ဆုံတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

စစ်ကောင်စီဟာ ဒီနှစ်ကုန်အထိ အပစ်အခတ်ရပ်စဲထားပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အများစုကတော့ ဒီဖိတ်ခေါ်ချက်ကို အယုံအကြည်မရှိဘူးလို့ တုံ့ပြန်ထားကြပါတယ်။

မစ္စတာ ဆာဆာကာဝါဟာ စစ်ကောင်စီအတွက် ပွဲစားလာလုပ်တာဆိုရင်တော့ အောင်မြင်မှုရမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က ပြောပါတယ်။

“လက်ရှိအခြေအနေမှာ ဒီလမ်းကြောင်းက ထွက်ပေါက်မရှိဘူး။ စစ်ကောင်စီက အခုသွားနေတဲ့ ရွေးကောက်ပွဲနဲ့ပဲ သွားရမယ်ဆိုတဲ့နည်းနဲ့ လာပြီး ပွဲစားလုပ်တဲ့ကိစ္စဟာ အောင်မြင်မယ့် လုပ်ရပ် မဟုတ်ဘူး။ ပြည်သူတွေရဲ့ ဆန္ဒနဲ့လည်း မကိုက်ညီဘူး။ ဘယ်လိုနည်းနဲ့မှ တရား မျှတတဲ့ အနေအထားမျိုး မရှိနိုင်လောက် အောင် ရက်စက်ကြမ်းကြုတ်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ ပြည်သူတစ်ရပ်လုံးကို ဒုက္ခပေးနေတဲ့ လက်နက်ကိုင် အကြမ်းဖက်အုပ်စုက လုပ်ပေးနိုင် ပါတယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် တကယ်လိုလားတဲ့ ထွက်ပေါက်တစ်ခု မဟုတ်ဘူးလို့ မြင်တယ်”

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့မှာပဲ မစ္စတာ ဆာဆာကာဝါဟာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီ တွေ့ဆုံမှုအတွင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က မြန်မာ့အရေး ဖြေရှင်းတဲ့နေရာမှာ မစ္စတာ ဆာဆာကာဝါ အနေနဲ့ အာဆီယံအထူး ကိုယ်စားလှယ်ကို ကူညီပေးဖို့ ပြောဆိုခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ကို ၂ဝ၁၉ ခုနှစ်က ကျင်းပသော ၁၄ ကြိမ်မြောက် ASEM အစည်းအဝေးတွင် တွေ့ရစဉ်။ (Photo: Reuters)
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ကို ၂ဝ၁၉ ခုနှစ်က ကျင်းပသော ၁၄ ကြိမ်မြောက် ASEM အစည်းအဝေးတွင် တွေ့ရစဉ်။ (Photo: Reuters)

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကလည်း မစ္စတာ ဆာဆာကာဝါအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လာရောက်ဆွေးနွေးတာဟာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ ညှိနှိုင်းဆောင်ရွက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ဆာဆာကာဝါကို အခု အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ကိုယ်တိုင်က သူ့ရဲ့ အာဆီယံကလွှတ်မယ့် မြန်မာကိုယ်စားလှယ်ကို ကူညီပေးဖို့ဆိုပြီးတော့ အကူအညီတောင်း ထားတာရှိတယ်။ ဆိုတော့ သူတို့ နှစ်ယောက်ပူးပေါင်းအကြံဉာဏ်ထုတ်ပြီးတော့ မြန်မာနိုင်ငံ အရေးကိစ္စ ဝင်ပြီးဆောင်ရွက်ဖို့ဆိုတဲ့ဟာ အဲဒါ သူတို့ အဓိက တာဝန်ရှိနေတယ်။ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အကူတွေပေးရင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ကိစ္စတွေကို ချဉ်းကပ်လိမ့်မယ်လို့ ယူဆရတာပေါ့”

အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းကလည်း လာမယ့် မတ်လ ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ပါ တွေ့ဆုံဖို့ ရှိနေပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့နဲ့ ဂျပန်အထူးကိုယ်စားလှယ် တွေ့ဆုံခဲ့တဲ့ပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ခေါ်ဆိုနေပေမယ့် ညနေ ၄ နာရီခွဲကျော်အထိ ဆက်သွယ်လို့ မရသေးပါဘူး။

ဂျပန်အစိုးရအထူးကိုယ်စားလှယ်တာဝန်အပြင် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ မစ္စတာဆာဆာကာဝါဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မြန်မာနိုင်ငံကို လာရောက်ချိန် စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့သလို ရက္ခိုင့်တပ်တော် (AA) ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ခရီးစဉ်မှာလည်း ရခိုင်ပြည်နယ်က စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကို ရပ်တန့်အောင် အဓိကကြားဝင်ညှိနှိုင်း ပေးခဲ့သူ ဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။