လယ်သမား နှစ်ထောင်ကျော် လယ်ယာမြေ မကျူးကျော်ရ ဆိုင်းဘုတ် စိုက်ထူ

မနေ့က စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ဒေသခံ တောင်သူလယ်သမား အင်အား နှစ်ထောင်ကျော်လောက်ဟာ ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ လက်ပန်းတောင်းတောင် အနီးတဝိုက်မှာ လယ်ယာမြေ မကျူးကျော်ရ ဆိုင်းဘုတ်တွေ စိုက်ထူခဲ့ကြတယ်လို့ သိရပါတယ်။

2012.08.25
monywa-protest-salingyi-b305 စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ဒေသခံ တောင်သူလယ်သမားများ လယ်ယာမြေ မကျူးကျော်ရ ဆိုင်းဘုတ် စိုက်ထူနေစဉ်။
Photo courtesy of open society.monywa

ဒါ့အပြင် ဗြိတိသျှကိုလိုနီ လက်အောက် ကာလက လယ်သမားခေါင်းဆောင် ဂဠုန်ဆရာစံ တိုက်ပွဲဝင်ခဲ့သလို ရိုးရာ မောင်းတီးပြီး ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ထောင်နဲ့ချီတဲ့ ဒေသခံတွေ မြေယာသိမ်းပိုက်ပွဲ ဆင်နွှဲနေတဲ့ စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အနီးတဝိုက်ကို အာဏာပိုင်တွေက ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် မနေ့က ထုတ်ပြန်လိုက်တယ်လို့ ဒေသခံ လယ်သမား တစ်ယောက်က RFA ကို ပြောပါတယ်။

"ဆားလင်းကြီး မြို့နယ် အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ဒီနေရာကတော့ ရှေ့ဆက်သွားလို့ မရတော့ဘူး။ ဒီနေရာမှာ ၁၄၄ ထုတ်လိုက်ပြီ။ ပြောတာဗျ။ အစိုးရ အဖွဲ့က ထုတ်လိုက်ပါတယ်တဲ့။ အမိန့်စာ ပြခိုင်းတော့ သူတို့လုံးဝမပြပါဘူး။ ကျွန်တော်တို့ ဆိုင်းဘုတ် ချိတ်ထားတာ ၁၂ ခုလောက် အရောက်မှာ သူတို့ ၁၄၄ ထုတ်တယ်ဆိုလို့ ကျွန်တော်တို့က နိုင်ငံတော်သီချင်း ဆိုပြီးတော့ ပြန်လာခဲ့ကြတာ"

လက်ပန်းတောင်းတောင် ကြေးနီထုတ်လုပ်ရေး စီမံကိန်းကို ဝမ်ပေါင် တရုတ်ကုမ္ပဏီနဲ့ စစ်တပ်ပိုင် မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်တို့ ပူးပေါင်း အကောင်အထည် ဖော်နေတာ ဖြစ်ပြီး ဒီစီမံကိန်းကို ရပ်တန့်ပေးပို့ ဒေသခံပြည်သူတွေက နေ့စဉ်ရက်ဆက် ဆိုသလို ဆန္ဒ ဖော်ထုတ်နေကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။