ဆားလင်းကြီးမှာ စစ်ကြောင်းနဲ့တိုးတဲ့ ကလေးတစ်ဦး ပစ်သတ်ခံရ

RFA Burmese
2024.07.22
ဆားလင်းကြီးမှာ စစ်ကြောင်းနဲ့တိုးတဲ့ ကလေးတစ်ဦး ပစ်သတ်ခံရ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေက တွေ့ရစဉ်။
အညာပစ်တိုင်းထောင်လေးများ ဓာတ်ပုံ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ပေါင်းဝရွာမှာ ဇူလိုင်လ ၂၀ ရက်က စစ်ကောင်စီတပ် စစ်ကြောင်းနဲ့တိုးတဲ့ အသက် ၁၃ နှစ်အရွယ် ယောကျာ်းလေးတစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဇူလိုင်လ ၁၉ ရက်နေ့က ဆားလင်းကြီးမြို့ပေါ်မှာ စစ်ကောင်စီအုပ်ချုပ်ရေးရုံးနဲ့ ရဲစခန်း အပါအဝင် နေရာတချို့ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာပါ။

အဲဒီနောက် ဇူလိုင်လ ၂၀ ရက်နေ့ ညနေပိုင်းမှာ မုံရွာဘက်မြို့နယ်ကနေ ဆားလင်းကြီးမြို့နယ်ထဲကို အမြန်ရေယာဉ်နဲ့ ကူးလာတဲ့ စစ်ကောင်စီတပ်သားတွေက ဆားလင်းကြီးမြို့အနီး ပေါင်းဝရွာထဲ ဝင်လာချိန် သတ်ဖြတ်ခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဆားလင်းကြီးနဲ့လည်း ပေါင်းဝရွာက သိပ်မဝေးဘူး။ ပေါင်းဝရွာကို ဝင်စီးတာ။ အဲဒီအချိန် တစ်ရွာလုံး ထွက်ပြေးကြတာပေါ့။ ထွက်ပြေးရင်နဲ့ ကလေးက သူတို့နဲ့ တိုးသွားတော့ ခေါင်းကို သေနတ်နဲ့ တေ့ပစ်သွားတာ”

ဆားလင်းကြီးမြို့နယ်ထဲမှာ ဇူလိုင်လ ၂၂ ရက် ဒီမနက်မှာလည်း တရုတ်ကြေးနီစီမံကိန်း လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေက အနီးနားရွာတွေကို စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း ကလေး ရှစ်ရာကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။