ဆားလင်းကြီးမှာ ဝန်ထမ်းတွေ CDM လုပ်ဖို့ ဆက်တိုက်တွန်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက စစ်ကောင်စီခန့်ဝန်ထမ်းတွေအနေနဲ့ ဒီလကုန် နောက်ဆုံးထားပြီး CDM ပြုလုပ်ဖို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီလ ၁၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဝန်ထမ်းအများစုက နုတ်ထွက်ပြီးဖြစ်ပေမယ့် စည်ပင်ဝန်ထမ်းတွေ ကျန်နေသေးလို့ ထပ်ပြီးထုတ်ပြန်တာလို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SSTF) က တာဝန်ခံ ကိုဖိုးဇေက ပြောပါတယ်။
“ပထမအကြိမ် ဓာတ်တိုင်တွေမှာ စာတွေကပ်ပြီး သတိပေးတယ်။ ဒုတိယအကြိမ် အွန်လိုင်းပေါ်မှာ သတိပေးတယ်။ တတိယအကြိမ်မြောက်အနေနဲ့ နောက်ဆုံးအကြိမ် သတိပေးလိုက်တာပါ။ သတိပေးတဲ့ကြားက ဆက်လုပ်မယ်ဆိုရင် စစ်ကောင်စီဒေါက် တိုင်အဖြစ် သတ်မှတ်ပြီး တစ်ခုခုအရေးယူပါမယ်။ အခုကျန်နေတဲ့ ဝန်ထမ်းတွေဆိုတာ စားဝတ်နေရေးကြောင့် မဟုတ်ဘူး။ စစ်ကောင်စီ အားပေးမို့ကျန်နေကြတာ"
ဆားလင်းကြီးမြို့နယ်အတွင်းမှာ ကျေးရွာအုပ်စုပေါင်း ၄၂ အုပ်စုရှိပါတယ်။ အခုအချိန်မှာ အဲဒီအုပ်စုအုပ်ချုပ်ရေးမှူးတွေအားလုံး နုတ်ထွက်ထားပြီးဖြစ်သလို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှာလည်း ဝန်ထမ်း နှစ်ယောက်လောက်သာ ကျန်တော့တယ်လို့ ဆိုပါတယ်။
ဒီအချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Salingyi Revolution Eagles အဖွဲ့ကလည်း ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ပျူစောထီးတွေနဲ့ စစ်ကာင်စီကို သတင်းပေးနေသူတွေအနေနဲ့ အခုလကုန်နောက်ဆုံးထားပြီး ပြည်သူ့ဘက်က ရပ်တည်ဖို့ ဒီနေ့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ CDM လုပ်ဆောင်ကြဖို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက အခုလပိုင်းအတွင်း ဒေသအသီးသီးမှာ ထုတ်ပြန်ကြေညာလာတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကလည်း CDM လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ ဖမ်းဆီးအရေးယူမှုတွေ ရှိနေဆဲဖြစ်ပါတယ်။