စစ်ကိုင်းမြို့နယ် မြင်းဆည်ကျေးရွာက နေအိမ် ၁ဝဝ ကျော် မီးရှို့ခံရ
2022.12.28

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးကျေးရွာ ရဲစခန်းနား မြစ်ကမ်းဘေး ကျေးရွာ ခုနစ်ရွာကို စစ်ကောင်စီတပ်အင်အား ၆၀နဲ့ ၇၀ ကြားလောက် ဒီဇင်ဘာ ၂၇ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာပြီး မြင်းဆည်ကျေးရွာက နေအိမ် ၁ဝဝ လောက်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့က ရွာသစ်ကြီးစခန်းထဲကနေ ထွက်ပြေးနေတဲ့ ဒေသခံတွေကို ရွာသစ်ကြီးစခန်း ငါန်းဇွန်ဘက်ခြမ်းကနေ ဒရုန်းနဲ့ ဗုံးကြဲချတာကြောင့် ငါးနှစ်သား ကလေးငယ်တစ်ယောက်နဲ့ အမျိုးသား နှစ်ယောက်၊ အမျိုးသမီး တစ်ယောက် စုစုပေါင်းလေးယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီတွေဟာ ဒီဇင်ဘာတစ်လလုံး စစ်ကိုင်းမြို့နယ် ကိုင်းပြင်အုပ်စု ကိုင်းပြင်၊ ကင်းတော်၊ လယ်ပယ်တော၊ မြင်းဆည်အုပ်စုက မြင်းဆည်၊ ဥယျာဉ်၊ မြစ်သာ ရွာတွေကို ဒုတိယအကြိမ် စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့တာဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီရွာတွေထဲက အိမ်ခြေအများဆုံး မြင်းဆည်ရွာကို ရွေးချယ်မီးရှို့သွားတာလို့ ပြောပါတယ်။
ဝင်ရောက်မီးရှို့သွားတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းအခြေစိုက် တပ်မ ၃၃ က ဖြစ်ပြီး ကျန်တဲ့ တပ်ဖွဲ့တွေ ပါဝင်ခြင်းရှိမရှိကိုတော့ မသိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို ဝင်ရောက်မီးရှို့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အိမ်တွေကို မီးရှို့တာ သူတို့တပ်ဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ RFA ကို ငြင်းဆိုထားဖူးပါတယ်။
စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူဆီကို RFA ကဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
ဒီဇင်ဘာလအတွင်း စစ်ကိုင်းမြို့နယ်က အိမ်ခြေ ၉၃၀ ကျော်ကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး၊ လူဦးရေ ၈၃၇၀ ကျော် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
Data for Myanmar ရဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိစာရင်းအရ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၇၀၀၀ ကျော်စီးခဲ့ပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဒီဇင်ဘာ ၃ ရက်နေ့ထိ စာရင်းတွေအရ စစ်ကိုင်းတိုင်းက ဒေသခံ ခြောက်သိန်းကျော် ခြောက်သိန်းတစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။