တမူးမြို့နယ်မှာ စစ်သုံ့ပန်းသုံးဆယ်ကျော် အချုပ်ခန်းဖောက် ထွက်ပြေး

RFA Burmese
2024.12.15
တမူးမြို့နယ်မှာ စစ်သုံ့ပန်းသုံးဆယ်ကျော် အချုပ်ခန်းဖောက် ထွက်ပြေး ၂ဝ၂၂ ခုနှစ်အတွင်း မြင်တွေ့ရသည့် စစ်ကိုင်းတိုင်း၊ တမူးမြို့ စည်ပင်သာယာစျေးမြင်ကွင်း။
Citizen Photo

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းထားတဲ့ မြို့သစ်မြို့ အကျဥ်းစခန်းကနေ စစ်သုံ့ပန်း ၃၄ ဦး ဒီဇင်ဘာ ၁၂ ရက်ညက အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

ထွက်ပြေးသွားသူတွေဟာ မြို့သစ်မြို့သိမ်းတိုက်ပွဲနဲ့ သနန်ရဲစခန်းသိမ်းတိုက်ပွဲတွေမှာ ဖမ်းဆီးခံထားရသူတွေဖြစ်ပြီး အဲဒီထဲမှာ စစ်ကောင်စီတပ်သားတွေ၊ ပျူစောထီးတွေ၊ စခန်းမှူးနဲ့ ဒုရဲအုပ်လည်း ပါတယ်လို့ ဆိုပါတယ်။

အချုပ်ခန်းစောင့်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို CDM ရဲတပ်သား ဇေယျာထက်က အယုံသွင်းပြီး အချုပ်ခန်းဖောက် ထွက်ပြေးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"CDM လုပ်တဲ့ ရဲတစ်ယောက်က သစ္စာဖောက်သွားတာ၊ သနန်က စစ်သုံ့ပန်း ထိန်းသိမ်းရေးမှာ အစောင့်တပ်တွေထဲက ရဲ CDM နှစ်ယောက်ပါတယ်။ အဲဒီမှာ အစောင့် တပ်တွေကို သူက အယုံသွင်း အရက်တိုက်ပြီးတော့ သော့ဖွင့်ပြီး ထွက်ပြေးတာ။ အဲဒီ CDM သစ္စာဖောက်တဲ့သူက ကြိုတင်စီစဉ်ပြီးတော့ လုပ်တာ"

ထွက်ပြေးတဲ့ စစ်သုံ့ပန်းတွေဟာ စစ်ကောင်စီတပ်ထိန်းချုပ်တဲ့ တမူးမြို့နယ် မင်းသာရွာဘက်ကို ရောက်နေပြီလို့ ဆိုပါတယ်။

စစ်သုံ့ပန်းတွေ လွတ်သွားတာကြောင့် လုံခြုံရေးကျိုးပေါက်ပြီး လေကြောင်းကနေ တိုက်ခိုက်လာမှာကို စိုးရိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်သုံ့ပန်းတွေ ထွက်ပြေးသွားတာနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကို RFA က ဆက်သွယ်မေးမြန်းပေမဲ့ အကြောင်းမပြန်သေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသနဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး စစ်ကိုင်းတိုင်းထဲက မြို့သစ်မြို့ကို ၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်မှာ သိမ်းယူခဲ့သလို ခါမ်းပါတ်မြို့ကိုလည်း ၂၀၂၃၊ နို၀င်ဘာ ၇ ရက်နေ့က သိမ်းယူထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။