စစ်ကြောင်းကြောင့် စစ်ကိုင်းဒေသခံတစ်ထောင်ကျော် ထွက်ပြေး
2024.11.25

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းက တောင်ရင်း(မြောက်)ရွာကို နိုဝင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းတာကြောင့် ရွာငါးရွာက ဒေသခံတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ကိုင်းမြို့ခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရွာတွေထဲ စီးနင်းမီးရှို့နေတာကြောင့် တောင်ရင်း(မြောက်)၊ တောင်ရင်း(တောင်)၊ ပဒူ၊ ကန်ကြီးကုန်းနဲ့ တလိုင်းစတဲ့ ရွာငါးရွာက ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
ပဒူရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ခုနစ်ဆယ်ကျော်နဲ့ တောင်ရင်း(မြောက်)ရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကိုင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တောင်ရင်း(မြောက်)က နေအိမ် ၂၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်။ နာရီပိုင်းလောက် ဝင်စီးပြီး ပဒူကိုပဲ စစ်ကြောင်း ပြန်ဝင်သွားတယ်။ ပဒူနဲ့ တောင်ရင်းနဲ့က လေးမိုင်ကျော်ပဲ ဝေးတော့ စစ်ကြောင်းပြန်ဝင်လာမှာ စိုးရိမ်ပြီး ဒေသခံတွေက ဒီနေ့အထိ အိမ်မပြန်ရဲကြသေးဘဲ ထွက်ပြေးနေရတယ်”
နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံအများစုဟာ စစ်ကြောင်း ကင်းလွတ်တဲ့နေရာတွေနဲ့ စစ်ကိုင်းမြို့ပေါ်ကို တိမ်းရှောင်နေကြပြီး လုံခြုံရေးအခြေအနေ စိုးရိမ်တာကြောင့် ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ သူက ပြောပါတယ်။
အင်အား တစ်ရာကျော်ရှိတဲ့ စစ်ကောင်စီတပ်ဟာ ပဒူရွာရဲစခန်းနဲ့ ဘောလုံးကွင်းတို့မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက တပ်စွဲနေထိုင်နေပြီး နီးစပ်ရာရွာတွေကို မကြခဏ စစ်ကြောင်းထိုးလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေအိမ် မီးရှို့ခံရတာ၊ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးရတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
လွတ်လပ်တဲ့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) ရဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ခြောက် ဒသမ ခြောက်သန်းကျော် ရှိလာပါတယ်။