လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းမှာ နေအိမ် ၂၅၀ ကျော် ပျက်စီး


2017.03.28
sagaing-wind-620.jpg စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ မတ်လ ၂၅ ရက်နေ့က လေပြင်းတိုက်ခဲ့တာကြောင့် ပျက်စီးသွားတဲ့အိမ်တချို့ကိုတွေ့ရစဉ်
ဓါတ်ပုံ - ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး

စစ်ကိုင်းတိုင်းဒေသကြီးက မြို့နယ် ၆မြို့နယ်မှာတိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ပျက်စီးသွားတဲ့ နေအိမ် အလုံးပေါင်း ၂၅၀ ကျော်ကို ထောက်ပံ့ငွေတွေ ပေးအပ်ပြီး ပြုပြင်ပေးနေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့် က ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေး၊ ကလေးဝ၊  မော်လိုက်၊ ကသာ၊ အင်းတော်၊ ဗန်းမောက် တို့မှာ မတ်လ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့တို့က လေပြင်းတိုက်ခတ်ခဲ့ပြီး စုစုပေါင်း နေအိမ် ၂၅၉လုံး အမိုးလန် ပျက်စီးခဲ့ပြီး နေအိမ် ၁၅လုံး ပြိုကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။ ပြိုကျပျက်စီးတဲ့အိမ်တွေရော ၊ အမိုးလန်သွားတဲ့အိမ်တွေကိုပါ လိုအပ်တဲ့ ပစ္စည်းနဲ့ ငွေကြေးတွေ ထောက်ပံ့ပေးထားတယ်လို့ ဦးစဝီလီဖရန့် က ပြောပါတယ်။

"ပစ္စည်းထောက်ပံ့မှုတွေ လုပ်နေပါပြီ၊ ဒီနေ့ဆိုရင် ငွေထောက်ပံ့မှုတွေ လုပ်ဖို့ ဆက်လက်စီစဉ်ထား ပါတယ်၊ ပြိုတဲ့အိမ်ကတော့ တစ်လုံးကို ကျပ်ငါးသောင်းနှုန်း ၊အမိုးလန်တဲ့အိမ်ကတော့ ကျပ်နှစ်သောင်းနှုန်း အဲ့လိုထောက်ပံ့ဖို့လုပ်ထားပါတယ်။ ပစ္စည်းတွေအနေနဲ့ကတော့ ပြိုတဲ့ အိမ်က ပစ္စည်း ၉ မျိုး၊ အမိုးလန်တဲ့ အိမ်က ပစ္စည်း ၅မျိုး ထောက်ပံ့ရေးဆောင်ရွက်ထားပါတယ်၊ သူတို့အိမ်တွေ ကလည်း မြေစိုက်အိမ်တွေ ဆိုတော့ မြန်မြန်ပြီးမှာပါ"

ပြီးခဲ့တဲ့နှစ်ရက်ဆက်တိုက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီမြို့နယ် ၆မြို့နယ်ထဲက ကလေးမြို့မှာ နေအိမ်ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့ကာ နေအိမ် ၂၀၃ လုံး အမိုး လန်ခဲ့ပြီး ၁၅ လုံးပြိုကျပျက်စီးခဲ့သလို ကလေးဝ၊ အင်းတော်၊ ကသာ၊ မော်လိုက် ဗန်းမောက်တို့မှာ နေအိမ် ၅၆ လုံး အမိုးလန်ပျက်စီးခဲ့ပါတယ်။

မတ်၊ ဧပြီနဲ့ မေလတွေမှာ လေပြင်းတိုက်ခတ်မှုတွေ၊ မိုးကြီးတာတွေ ရှိနိုင်တဲ့အတွက် နေအိမ် အဆောက် အဦးတွေနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့မတ်လလကုန်ကစပြီး သတိပေးကြေညာထားပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေကျတာတွေကြောင့် မြို့နယ်ပေါင်း ၅၉ မြို့နယ်က လူဦးရေ တစ်သိန်းခွဲခန့် ဘေးဒုက္ခကြုံခဲ့ရပြီး ၄၄ ဦး သေဆုံးခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။