စစ်ကိုင်း ရွှေမင်းဝံ ရပ်ကွက်သားတွေ ဆန္ဒပြ
2013.12.13
စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်က အမှတ် ၂၄ လမ်းမကြီးကို မြေစာရင်းဌာနက ခြံခတ်လိုက်တာကြောင့် ရွှေမင်းဝံ ရပ်ကွက်သူရပ်ကွက်သား ၁၀၀ လောက်က အများပြည်သူသုံးလမ်းကို ခြံခတ်တာကန့်ကွက်ကြောင်း ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ဒီနေ့ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ရွှေမင်းဝံရပ်ကွက်သား ဦးစိုးဦးက အခုလို ပြောပါတယ်။
“ကျနော်တို့နေလာတာ နှစ် ၂ဝ ကျော်ပြီဆိုတော့ ၇ လပိုင်းကျမှ ဒါကြီးကိုခြံခတ်ပြီးတော့ မြေယာချထားပေးလိုက်တယ်ဆိုတာ ကျနော်တို့ရပ်ကွက်နေ ပြည်သူတွေဟာ လုံးဝလက်မခံဘူး၊ လာဒ်ပေးလာဒ်ယူကော်မရှင်ကို တိုင်ကြားတယ်၊ ဝန်ကြီးချုပ်ရုံးကို မိတ္တူပေးတယ်၊ အခု ၃ လကျော်သွားပြီ၊ ဘာမှအရေးယူဆောင်ရွက်မှု မရှိဘူး၊ တရားဥပဒေ မစိုးမိုးလို့ ဒီလိုဖြစ်တာ၊ ပြည်သူတွေရဲ့ ဆန္ဒကိုမလေးစားလို့ ဒီလိုဖြစ်တာလို့ ခံစားရတယ်၊ အဲဒါအတွက် ကျတော်တို့ ဆန္ဒပြပွဲစီစဉ်ရတာ”
အဲဒီကိစ္စအတွက် ရွှေမင်းဝံရပ်ကွက်က လာဒ်ပေးလာဒ်ယူကော်မရှင်ကို တိုင်ကြားခဲ့ရာမှာ ကော်မရှင်က လာရောက်ကွင်းဆင်းလေ့လာခဲ့ပေမယ့် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးခြင်းမရှိတာကြောင့် အခုလို ဆန္ဒပြရတာလို့ ပြောပါတယ်။
စစ်ကိုင်းမြို့မှာ ရပ်ကွက်ပေါင်း ၁၈ ရပ်ကွက်ရှိပြီး ရွှေမင်းဝံရပ်ကွက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်ကတည်းက အစိုးရဝန်ထမ်းတွေအတွက် မြေနေရာချထားပေးတဲ့ ရပ်ကွက်ဖြစ်ပါတယ်။