စစ်ကိုင်းတိုင်း သုံးမြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ထပ်တိုးကြေညာ
2023.02.22

စစ်ကိုင်းတိုင်း ရွှေဘို၊ အရာတော်နဲ့ ဝက်လက်မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးနယ်မြေတွေအဖြစ် စစ်ကောင်စီက ဖေဖော်ဝါရီ ၂၂ ရက်ညမှာ ထပ်တိုး ကြေညာလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်ကိုင်းတိုင်းအတွင်း အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦးမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး မာရှယ်လော အမိန့်ထုတ် ကြေညာခဲ့ပြီး အခုနောက်ထပ် ရက် ၂ဝ အကြာမှာ ရွှေဘို၊ အရာတော်နဲ့ ဝက်လက်မြို့နယ်တို့ကို ထည့်သွင်းကြေညာလိုက်တာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအပြင် မကွေး၊ တနင်္သာရီ၊ ပဲခူး၊ မွန်၊ ကရင်၊ ချင်းနဲ့ ကယားတို့က မြို့နယ် ၂၆ မြို့နယ်ကိုလည်း စစ်အုပ်ချုပ်ရေး ဒေသတွေအဖြစ် ဖေဖော်ဝါရီ ၂ရက်နေ့က ကြေညာခဲ့တာပါ။ ဒီလအတွင်း စစ်အုပ်ချုပ်ရေးနယ်မြေတွေအဖြစ် ကြေညာခံရတဲ့ မြို့နယ် ၄ဝ ရှိနေပါပြီ။
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေစိုးမိုးရေးတို့ကို ပိုပြီးဆောင်ရွက်နိုင်ဖို့ အခုလိုသတ်မှတ်တာလို့ စစ်ကောင်စီရဲ့ သတင်းဌာနတွေက ကြေညာခဲ့ပါတယ်။
မာရှယ်လောအမိန့် ထုတ်ခံရတဲ့ မြို့နယ်တွေမှာ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ တရားစီရင်ရေး စတဲ့ကဏ္ဍတွေအားလုံး သက်ဆိုင်ရာတိုင်းမှူးတွေရဲ့ စီမံဆောင်ရွက်ခွင့်ရှိတာဖြစ်ပါတယ်။ အဲဒီမြို့နယ်တွေမှာ ဖြစ်ပွားတဲ့ ပြစ်မှုတွေကို တိုင်းမှူးက စစ်ခုံရုံးတွေဖွဲ့စည်း စီရင်စေမှာဖြစ်ပါတယ်။

နိုင်ငံတော် သစ္စာဖောက်မှု၊ အစိုးရကို အကြည်ညိုပျက်အောင် လုပ်ဆောင်မှု၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်း ဆက်သွယ်မှု၊ အဂတိလိုက်စားမှု စတဲ့ ပြစ်မှုပေါင်း ၂ဝကျော်ကို စစ်ခုံရုံးမှာ စစ်ဆေးပြီး သက်ဆိုင်ရာဥပဒေပါ ပြစ်မှုပြစ်ဒဏ်တွေရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေကနေ သေဒဏ်အထိ ချမှတ်နိုင်တဲ့ စီရင်ချက်တွေ ချမှတ်နိုင်တယ်လို့လည်း စစ်ကောင်စီက ကြေညာခဲ့ပါတယ်။
သေဒဏ်အမိန့်ချမှတ်ခံရသူတွေက စစ်ကောင်စီ ဥက္ကဋ္ဌဆီ အယူခံတင်ခွင့်ရှိပြီး နှစ်အကန့်အသတ်မရှိ အလုပ်နဲ့ ထောင်ဒဏ်ဆိုရင် သက်ဆိုင်ရာ တိုင်းမှူးတွေဆီ အယူခံခွင့်ရှိပါတယ်။ ကျန်တဲ့ ပြစ်ဒဏ်တွေကတော့ အယူခံခွင့်မရှိဘဲ စစ်ခုံရုံးရဲ့ စီရင်ချက်ကသာ အပြီးအပြတ်ဖြစ်ပါတယ်။
စစ်ကောင်စီဟာ မာရှယ်လောအမိန့်ထုတ်ထားတဲ့မြို့နယ်တွေမှာ ဒေသခံပြည်သူတွေ သွားလာလှုပ်ရှားခွင့်ကိုလည်း ထိန်းချုပ်ကန့်သတ်တာတွေ ရှိနေပါတယ်။

အာဏာသိမ်းစစ်ကောင်စီက မာရှယ်လောထုတ်ပြန်ကြေညာတဲ့မြို့နယ်တွေဟာ တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဖေဖော်ဝါရီ ၂ရက်နေ့က RFA ကို ပြောထားပါတယ်။
မာရှယ်လောထုတ်ပြန်ခံရတဲ့မြို့နယ်တွေမှာ စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုလုပ်ဆောင်လာနိုင်သလို တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲအရှိန်မြှင့်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြို့နယ် ၁၉၈ မြို့နယ်မှာသာ တည်ငြိမ်အေးချမ်းနေတဲ့အကြောင်း အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၃၁ ရက်နေ့က ကာလုံအစည်းအဝေးမှာ ထုတ်ပြောခဲ့ပါတယ်။