အင်းတော်မြို့အနီး ရထားလမ်းတွင် အင်အားပြင်းဗုံးတစ်လုံး ပေါက်ကွဲ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နဘားဘူတာအနီး တံတား ၂ ခုကြားမှာ ဇန်နဝါရီ ၁၄ ရက်နေ့ည ၈ နာရီခန့်လောက်က ပြင်းအားကြီး ဗုံးတစ်လုံး ပေါက်ကွဲခဲ့လို့ ရထားလမ်း အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်။

2013.01.16
train-kachin305 မြစ်ကြီးနားမြို့မှ မန္တလေးမြို့ကို စုန်ဆင်းလာသည့် အမြန်ရထားတစ်စင်းအား ကချင်ပြည်နယ်အတွင်းရှိ ဘူတာတစ်ခုတွင် တွေ့ရစဉ်။
Photo:RFA/Kyaw Myo Min

ဒီပေါက်ကွဲမှုကြောင့် ခရီးသည်တွေ အသေအပျောက်မရှိသလို မီးရထားတွေလဲ ထိခိုက်ပျက်စီးခြင်းမရှိပါဘူး။

ဒါပေမယ့် အင်းတော်မြို့နယ်တွင်းရှိ လူနေအိမ်တွေပါ တုန်ခါသွားပြီး မြို့ခံလူထုတွေ အထိတ်တလန့်ဖြစ်ကုန်ကြရတယ်လို့ အင်းတော်မြို့နယ် NLD အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောသွားပါတယ်။

"ကျွန်တော်တို့ ဘူတာကို သွားစုံစမ်းတဲ့အခါမှာ ဗုံးပေါက်ကွဲတာမှန်တယ်၊ မနေ့က နဘားဘူတာမှာ ရပ်နားထားရတဲ့ မြစ်ကြီးနား-မန္တလေး အမြန်ရထားဟာလည်း ဒီနေ့ညနေ ၃နာရီလောက်မှာပဲ မန္တလေးကို ဆက်လက်ထွက်ခွားသွားပါတယ်၊ ဗုံးပေါက်ကွဲတဲ့နေရာကို သက်ဆိုင်ရာက ညတွင်းချင်းပဲ ပြန်လည်ပြင်ဆင်ခဲ့တာကြောင့် မီးရထားလမ်းကလည်း ပြန်လည်ကောင်းမွန်သွားပြီး ပုံမှန်သွားလာနိုင်နေပြီ"


ဗုံးပေါက်ကွဲမှုကြောင့် မန္တလေး-မြစ်ကြီးနားသွား ရထားလမ်းတံတားနဲ့ ကပ်လျက်ရှိတဲ့ နဘားကနေ ကသာသွားတဲ့ ရထားလမ်းတံတားတွေရဲ့ သံတိုင်တွေ ကွေးကောက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ဒီကနေ့ မွန်းလွဲပိုင်းအထိ ရထားတွေ အသွားအလာ ရပ်ဆိုင်းထားရပါတယ်။

ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းမှာ တာဝန်ရှိသလဲဆိုတာကို မေးကြည့်တဲ့အခါ  ဦးရှင်းသန့်က အခုလိုပြောပါတယ်။

"ညကြီးမိုးချုပ်လည်းဖြစ်တယ်၊ သက်သေကလည်းမရှိတော့ အခုဒီဗုံးပေါက်ကွဲမှုက ပြောဖို့တော့ အတော်ခက်ပါတယ်"


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။