ဆားလင်းကြီးမှာ အမျိုးသားသုံးဦး ရုပ်အလောင်းတွေ့ရှိ

အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.04.25
ဆားလင်းကြီးမှာ အမျိုးသားသုံးဦး ရုပ်အလောင်းတွေ့ရှိ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်လာတဲ့ အမျိုးသား သုံးဦး အသတ်ခံလိုက်ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဓားမဆိုင်း တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်စွမ်းသူမောင် က RFA ကိုပြောပါတယ်။

၂၀၂၃ ခုနှစ် ဧပြီ ၂၅ ရက်နေ့က မုံရွာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်မ ၃၃ စစ်ကြောင်း ဖမ်းဆီးခေါ်ဆောင်လာတဲ့ အမျိုးသား သုံးဦးကို ဆားလင်းကြီးမြို့နယ် မန်ကျည်းတန်းရွာ အရှေ့ဘက် ထန်းတောထဲမှာ ပစ်သတ်ပြီး လမ်းဘေးမှာ စွန့်ပစ်သွားခဲ့တာလို့ ဆိုပါတယ်။

ရုပ်အလောင်းတွေကို နေ့လယ်ပိုင်းလောက်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး အသတ်ခံရသူတွေက ဘယ်ရွာကလဲ ဆိုတာကို တိတိကျကျ မသိသေးဘဲ မုံရွာဘက်က ဖမ်းဆီးလာတာလို့ ပြောပါတယ်။

ဒါ့အပြင်ရွှေလှေကျေးရွာအနီးမှာလည်း ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီက ပစ်သတ်သွားပြီး တစ်ဦးကတော့ လွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက သတ်ဖြတ်တာ ဟုတ်၊ မဟုတ်သိနိုင်ဖို့ ဒေသခံ တွေကို RFA ကဆက်သွယ်ခဲ့ပေမယ့် ဖုန်းလိုင်းနဲ့ အင်တာနက် အခက်အခဲကြောင့် ဖုန်းခေါ်လို့ မရခဲ့ပါဘူး။

စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA ကဆက်သွယ်ချိန်မှာလည်း ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းရဲ့ ဧပြီ ၂၅ ရက်နေ့အထိ စာရင်းတွေအရ စစ်တပ် အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ ဒီမိုကရေစီ အရေးလှုပ်ရှားသူနဲ့ ပြည်သူ သုံးထောင်ကျော် အသတ်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။