တန့်ဆည်မြို့နယ်မှာ ဒေသခံ တစ်သောင်းခွဲခန့် ထွက်ပြေးနေရ

2022.09.23
တန့်ဆည်မြို့နယ်မှာ ဒေသခံ တစ်သောင်းခွဲခန့် ထွက်ပြေးနေရ ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းက တန့်ဆည်မြို့နယ် ရွှေကျင်ရွာ မီးရှို့ခံထားရပြီးမြင်ကွင်း။
Photo: Taze News

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ခြောက်ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးနယ်မြေ ရှင်းလင်းမှုတွေကြောင့် ရွာပေါင်း ၃၀ လောက်က ဒေသခံ တစ်သောင်းခွဲခန့် ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ထွက်ပြေးနေကြရတဲ့ရွာတွေက အုတ်ဖိုအိုင်၊ ရေဦးကုန်း၊ အောင်ချမ်းသာ၊ ဘေရင်း၊ အင်းပတ်၊ အိုးသည်ကုန်း၊ ဂွေးကုန်း၊ နဘတ်ငယ်၊ တောင်တော၊ ပေကုန်း၊ သက္ကယ်တန်း၊ ထန်းပင်ဆိပ်၊ ကျွန်းလည်၊ အင်င်္ကုက္ကား ၊ ဖလံချိုင် စတဲ့ရွာတွေ ဖြစ်ပါတယ်။

အဲဒီအထဲက ရွာ ၁၁ ရွာမှာ မီးရှို့ခံရမှုတွေကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင် ဆုံးရှုံးခဲ့တယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ရွာတွေကိုဝင်တယ်၊ လူသားဒိုင်းဖမ်းတယ်။ အိမ်တွေမီးရှို့တယ်။ ရွာတွေကိုဝင်လို့ ထွက်မပြေးဘဲ ကျန်တာ ဖြစ်ဖြစ် သူတို့ဖမ်းမိတာနဲ့ ကာကွယ်ရေးတပ်ဖွဲ့ကဆိုပြီး စွပ်စွဲ ပြီး သတ်ဖြတ်တယ်။ ရက်ရက်စက်စက် ဥပဒေမဲ့ ပြည်သူတွေကို ကျူးလွန်နေတာ။ အခုပြည်သူတွေက သူတို့ ဟိုဘက်ကလာတယ်ကြားရင် ဒီဘက်ပြေးကြ၊ ဒီဘက်က လာတယ်ကြားရင် ဟိုဘက်ပြေးကြနဲ့ နေနေကြရတာ"

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း အုတ်ဖိုအိုင်ရွာက ရွာသား ၁၀ ဦးကိုလည်း စစ်ကောင်စီတပ်သား တွေက မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အုတ်ဖိုအိုင်ကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာ PDF အဖွဲ့တွေနဲ့ ပတ်သက်လို့ ရွာအနီးတစ်ဝိုက်ကို လုံခြုံရေးဆောင်ရွက် စဉ်မှာ PDF ၃၀ လောက်နဲ့ အပြန်အလှန် ထိတွေ့မှု ဖြစ်ပွားခဲ့ရာကနေ PDF ခုနစ်ဦးကို အသေ ဖမ်းဆီးရမိခဲ့သလို လက်နက်၊ ခဲယမ်းတွေကိုပါ သိမ်းဆည်း ရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ရွာ ၁၁ ရွာက နေအိမ်တွေ မီးရှို့ဖျက်ဆီး ခံရမှုတွေ နဲ့ပတ်သက်လို့ စစ်ကောင်စီ ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

တန့်ဆည်မြို့နယ်အတွင်း စစ်တပ်က အာဏာသိမ်း တစ်နှစ်ကျော်အတွင်း သေဆုံးခဲ့ရတဲ့ ကာကွယ်ရေး အဖွဲ့တွေနဲ့ ပြည်သူ ၁၀၀ နီးပါးရှိခဲ့တယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။