တန့်ဆည်နဲ့ ရေဦးမှာ စစ်ကြောင်းထိုးလို့ အရပ်သားခုနစ်ထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2024.11.16
တန့်ဆည်နဲ့ ရေဦးမှာ စစ်ကြောင်းထိုးလို့ အရပ်သားခုနစ်ထောင်ကျော် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး

စစ်ကိုင်းတိုင်း တန့်ဆည်နဲ့ ရေဦးမြို့နယ်တွေမှာ နိုဝင်ဘာ ၁၆ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းတွေထိုးတာကြောင့် ရွာ ၁၅ ရွာက အရပ်သား ခုနစ်ထောင်ကျော် ဘေးလွှတ်ရာ လွှတ်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက RFA ကို ပြောပါတယ်။

စစ်ကြောင်းထိုးတာကြောင့် အရပ်သားတွေ ထွက်ပြေးနေရတယ်လို့ ရေဦးအခြေစိုက် People's Defense Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က RFA ကို ပြောပါတယ်။

"စစ်ကြောင်းက အင်အား (၁၅၀)ကျော်တယ်၊ ကန့်ဘလူနယ် ကာဘိုးအထိုင်ကနေ ကားတွေနဲ့ တန့်ဆည်နယ်အရှေ့ခြမ်း ရွှေလှန်၊ ငတန်းရွာဘက်ကို အင်အားချတယ် ၊ ရွှေလှန် ငတန်းရွာဘက်ကနေ မနက်ပိုင်းကစလို့ ရေဦးနယ်မြောက်ဘက်ခြမ်း ရွာဗုကြီးရွာကို စတင်ဝင်ရောက်လာတယ်ဗျ၊ လက်ရှိ စစ်ခွေးကြောင်းက ရွာဗုကြီးရွာကနေ ဆီဆုံရွာကို ဝင်ရောက်တပ်စွဲထားတယ်၊ တန့်ဆည်နယ်အရှေ့တောင်ခြမ်းရှိ ရွာတွေပြေးနေရတယ်"

ဒီစစ်ကြောင်းထိုးတာကြောင့် တန့်ဆည်မြို့နယ်အရှေ့တောင်ခြမ်းရှိ တပ်သစ်၊ ကြို့ထိန်း၊ ရွာသူကြီး၊ ကလဇင်ရွာတွေနဲ့ ရေဦးမြို့နယ်မြောက်ဘက်ခြမ်းရှိ ရွာဗုကြီး၊ ဆီဆုံ၊ ပေကုန်း၊ စီးမ၊ ရွာရှည်၊ မုန်တိုင်ပင်၊ အင်ပင် စတဲ့ရွာတွေက အရပ်သား ငါးထောင်နီးပါး ထွက်ပြေးနေရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် တန့်ဆည်မြို့နယ် တောင်ဘက်ခြမ်းရှိ ကျွဲဆွဲရွာမှာ အထိုင်ချထားတဲ့ အင်အား ၅၀ ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ခပေါင်းကြိုင်ရွာကို စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့နေတယ်လို့လည်း ကိုထူးခန့်ဇော်က ပြောပါတယ်။ ညနေပိုင်းအထိ စစ်ကြောင်းက ရွာထဲမှာ ရှိနေတာကြောင့် မီးရှို့ခံရတဲ့ နေအိမ် အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီစစ်ကြောင်းကြောင့် တန့်ဆည်မြို့နယ်တောင်ဘက်ခြမ်းရှိ တနယ်၊ ခပေါင်းကြိုင်၊ စိမ်းစား၊ အရှေ့ကုန်းရိုး အနောက်ကုန်းရိုးစတဲ့ရွာတွေက အရပ်သားနှစ်ထောင်ကျော်လည်း ဘေးလွှတ်ရာကို ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။ ဒီစစ်ကြောင်းတွေဟာ ရေဦးမြို့နယ်အတွင်းကို နယ်မြေချဲ့ချင်တာကြောင့် တိုက်ပွဲတွေမရှိဘဲ စစ်ကြောင်းထိုးနေတာလို့လည်း ကိုထူးခန့်ဇော်က ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဆောင်းတွင်းကာလဖြစ်တာကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက်အနွေးထည်တွေ၊ ခြုံစောင်တွေနဲ့ စားနပ်ရိက္ခာ အကူညီတွေ လိုအပ်နေတယ်လို့လည်း အကူအညီပေးသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။