သံဃာ့မဟာနာယက ပြန် ဖွဲ့စည်းရေး ရွှေဝါရောင် ၇ နှစ်ပြည့်မှာ တောင်းဆို


2014.09.18
saffron-anniversary-305.jpg နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး ၇ ပြည့် အခမ်းအနားကို စက်တင်ဘာ ၁၈ ရက်နေ့က ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်က ဓမ္မပီယ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပစဉ်
Photo: Sann Maw Aung , Wai Yan Moe Myint/ RFA

ဒီနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က ဓမ္မပီယကျောင်းတိုက်မှာ ကျင်းပတဲ့ ၇ နှစ်ပြည့် ရွှေ ဝါရောင် တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်း အနားမှာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ကို ပြန်လည် ဖွဲ့စည်းပေးဖို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ရွှေဝါရောင်သံဃာတော်များအဖွဲ့က  ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

လက်ရှိဖွဲ့စည်းထားတဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ဟာ သံဃာတော်တွေကို အကာအကွယ်မပေးဘဲ ဖိနှိပ်တဲ့အတွက် ပြန်လည်ဖွဲ့စည်းပေးဖို့ တောင်းဆို တာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် သံဃာတော်များအဖွဲ့က ဦးဇဝနက မိန့်ပါတယ်။

"နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဆိုတာကြီးဟာ အောက်ခြေကစပြီးတော့ ဟိုးနိုင်ငံတော်အထိကို မူတွေက မပြောင်းပဲနဲ့ သံဃာ့ဖက်ကမရပ်ဘူး၊ သံဃာကို ညှင်းပမ်းနှိပ်စက်တဲ့ ဥပဒေတွေနဲ့ ဖမ်းဆီးတယ်၊ ကျောင်းတိုက်တွေသိမ်းတယ်၊ အဲ့ဒါတွေလုပ်တဲ့အတွက် ဦးဇင်းတို့က သံဃာ့ အဖွဲ့အစည်းကို အဆင့်ဆင့်ပြန်ပြီးတော့ ဖွဲ့ပေးဖို့ ရွေးချယ်ပေးဖို့ တောင်းဆိုတာပါ"

အဲ့ဒီကြေငြာချက်မှာ ကျောင်းကန်တွေကို အဓမ္မဖယ်ရှားသိမ်းဆည်းတာတွေ ရပ်တန့်ဖို့၊ သင်္ကန်းဝတ်နဲ့ တရားရုံးချိန်းတက်နေရတဲ့ သံဃာတော်တွေရဲ့အမှုကို ရုပ်သိမ်းပေးဖို့ စတာတွေ ပါဝင်ပါတယ်။

၂၀၀၇ ခုနှစ်က ပခုက္ကူမြို့က သံဃာတော်တွေဟာ ဒကာ၊ ဒကာမတွေရဲ့ စားဝတ်နေရေး အကျပ်အတည်း ကင်းဝေးအောင် မေတ္တာသုတ်ရွတ်ဖတ်တာကနေ စတင်ခဲ့ပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာပါ သံဃာတော်တွေနဲ့ ပြည်သူတွေ ပူးပေါင်းဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဒီနေ့ အခမ်းအနားကို ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ သံဃာတော်တွေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ အခမ်းအနားအကြောင်း RFA သတင်းထောက် မစန်းမော်အောင် တင်ပြထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်သံဃာတော်များအဖွဲ့က ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ဆရာတော် ဦးဇဝနကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင် လျှောက်ထားတင်ပြထားတာ နားဆင်နိုင်ပါ တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။