မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းဖို့ ကုလ ပျက်ကွက်နေတယ်လို့ SAC-M ဝေဖန်
2023.10.03

မြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေအရေးမှာ ကုလသမဂ္ဂအနေနဲ့ အရေးယူကိုင်တွယ်ဖြေရှင်းရမဲ့ တာဝန်ဝတ္တရားတွေ ပျက်ကွက်နေတယ်လို့ ကုလအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအတွက် အထူးအကြံပေးကောင်စီ(SAC-M) က အောက်တိုဘာလ၃ ရက် ဒီနေ့ ကြေညာချက် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ကုလရဲ့ အကြီးအကဲ တစ်ဦးအနေနဲ့ မြန်မာပြည်သူတွေအတွက် သူ့ရဲ့ တာဝန်ရှိမှုကို ဥပေက္ခာပြုထားတယ်လို့ SAC-M က ဆိုပါတယ်။
စစ်ကောင်စီအပေါ် စစ်လက်နက်ရောင်းချမှုပိတ်ပင်ဖို့၊ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုနဲ့ မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကို လွှဲပြောင်းဖို့အပါအဝင် စစ်ကောင်စီလိုက်နာရမယ့် ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ အရ အရေးယူဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့နေ့မှာ ကုလအတွင်းရေးမှူးချုပ်က မြန်မာပြည်သူတွေဘက်က အခိုင်အမာ ရပ်တည်ကြောင်း ထုတ်ပြန်ခဲ့ပေမယ့် ဒီကတိကဝတ်ကို မတည်သေးဘူးလို့ SAC-M ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေဘက်ကရပ်တည်ပြီး မြန်မာနိုင်ငံမှာ ကုလရဲ့ ရှုံးနိမ့်မှု သံသရာကို အဆုံးသတ်ရမယ်လို့ ဆိုပါတယ်။
SAC-M ကို မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ဟောင်း မစ္စရန်ဟီးလီ၊ မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM ) ဥက္ကဋ္ဌဟောင်း မာဇူကီဒါရုစမန်၊ IIMM အဖွဲ့ဝင်ဟောင်း ခရစ္စဆီဒေါ့တီ တို့နဲ့ ဖွဲ့စည်းထားတာပါ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကတော့ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေ ပိုဆိုးလာပြီး ငတ်မွတ်ခေါင်းပါးမှု ပိုတိုးလာတယ်လို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပတဲ့ ၇၈ ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း စက်တင်ဘာ ၁၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။