စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့ဆွေးနွေးဖို့ အာဆီယံဝန်ကြီးတွေကို ထိုင်းဖိတ်ကြား
2023.06.16

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနဲ့ တခြားအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ထိုင်းနိုင်ငံမှာ အလွတ်သဘော တွေ့ဆုံပြီး မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြဖို့ ထိုင်းအစိုးရက ဖိတ်ကြားထားတယ်လို့ ရိုက်တာသတင်းဌာနက ဇွန်လ ၁၆ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။
မြန်မာစစ်ကောင်စီနဲ့ သံတမန်ရေးအရ အပြည့်အဝ ပြန်လည်ဆက်ဆံဖို့ကိုလည်း ထိုင်းအစိုးရက ပေးပို့တဲ့စာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ထည့်သွင်းတိုက်တွန်းထားပါတယ်။ အခုလို စစ်ကောင်စီကို အပြည့်အဝအသိအမှတ်ပြုဆက်ဆံဖို့ အဆိုပြုတဲ့စာကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က ဇွန်လ ၁၄ ရက်နေ့စွဲနဲ့ လက်မှတ်ရေးထိုးပြီး အာဆီယံအဖွဲ့ကို ပေးပို့ခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဇွန်လ ၁၈ ရက်နေ့ (တနင်္ဂနွေ)မှာ တွေ့ဆုံဖို့ ဖိတ်ကြားတာပါ။
အဲဒီစာကို ရိုက်တာသတင်းဌာနက ဇွန်လ ၁၆ ရက်နေ့မှာ ရရှိခဲ့ပြီး အဲဒီလို အစည်းအဝေးကျင်းပမယ့် အစီအစဉ်ရှိကြောင်းကို သတင်းရင်းမြစ် သုံးခုက အတည်ပြုခဲ့တာလို့လည်း သိရပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မှတ်ချက်ပေးဖို့ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာစစ်ကောင်စီကလည်း ဒီသတင်းနဲ့ ပတ်သက်ပြီး ရိုက်တာက မေးမြန်းတာကို အကြောင်းမပြန်ဘူးလို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့လကကျင်းပခဲ့တဲ့ အာဆီယံညီလာခံမှာ မြန်မာပြည်တွင်းအကြမ်းဖက်မှုတွေရပ်စဲဖို့ အာဆီယံခေါင်းဆောင်တွေက တိုက်တွန်းခဲ့ပါတယ်။ လတ်တလော အာဆီယံအစည်းအဝေးတွေကိုလည်း အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်တွေကို မဖိတ်ကြားပါဘူး။
ထိုင်းအစိုးရက အခုအဆိုပြုလိုက်တဲ့ အစည်းအဝေးကို လက်ရှိအာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက တက်ရောက်မှာ မဟုတ်ဘူးလို့ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောကြားကြောင်း၊ ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အဲဒီဖိတ်ကြားစာအကြောင်း မသိပါဘူးလို့ ဖြေကြားထားပါတယ်။
ဒါ့အပြင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကိုမေးမြန်းရာမှာတော့ မြန်မာပြည်ရဲ့အခြေအနေတွေက တစ်စုံတရာတိုးတက်မှုမရှိတဲ့အတွက် အခုအချိန်မှာ အာဆီယံထိပ်သီးအဆင့် အစည်းအဝေးဖြစ်စေ၊ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးဖြစ်စေ မြန်မာစစ်ကောင်စီပါဝင်ဖို့ အချိန်မတန်သေးတဲ့အကြောင်း ပြောကြားကြောင်းလည်း သိရပါတယ်။
ထိုင်းနိုင်ငံရဲ့အခု ပြုမူဆောင်ရွက်ချက်က မြန်မာပြည်ဆိုင်ရာမူဝါဒနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့အတွင်း သဘောကွဲလွဲမှုရှိနေတာကို ထပ်မံပြသလိုက်တာဖြစ်ပါတယ်။ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ဖီလ် ရော်ဘတ်ဆင်က တခြားအာဆီယံနိုင်ငံတွေက ဥပက္ခာပြုထားတဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို အခုလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဖိတ်ကြားလိုက်တာဟာ ပမာမခန့်လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ကြောင်းလည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။