ဘုံသဘောတူညီချက် ငါးချက်အတိုင်း ဆက်လက်ဆောင်ရွက်ဖို့ အာဆီယံဆုံးဖြတ်
2022.10.27

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ အောက်တိုဘာ၂၇ ရက်နေ့က ကျင်းပတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အထူးအစည်းအ၀ေးမှာ အာဆီယံအဖွဲ့၀င်နိုင်ငံတွေအကြား ရူမြင်သုံးသပ်ပုံတွေကွဲလွဲနေတာကြောင့် လွန်ခဲ့တဲ့ ၁၈လက အာဆီယံအဖွဲ့အတွင်း သဘောတူညီထားတဲ့ ဘုံသဘောတူညီချက် ငါးချက်အတိုင်း ဆက်ပြီးဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံအရေး အာဆီယံရဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ ဘုံသဘောတူညီချက်ငါးချက်ကို အခိုင်အမာ ဆက်လက်အကောင်အထည်ဖော်မယ်လို့ ဂျာကာတာမြို့မှာ ကျင်းပပြီးစီးတဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အစည်းအ၀ေးအပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌက ကမ္ဘောဒီးယားနိုင်ငံကကြေညာသွားပါတယ်။
နိုင်ငံခြားရေး၀န်ကြီးများအစည်းအ၀ေးက လွန်ခဲ့တဲ့ ၁၈လ က သဘောတူထားတာကိုပဲ ထပ်မံအတည်ပြုကြေညာခဲ့တာဟာ အာဆီယံအဖွဲ့တွေကြားမြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး မတူညီတဲ့ အမြင်တွေရှိနေတာကြောင့်လို့သုံးသပ်သူတွေရှိပါတယ်။
အဓိကက တရုတ်နိုင်ငံရဲ့လွမ်းမိုးမှုရှိတဲ့အာဆီယံနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေနဲ့ထပ်တူ ယူဆနေကြတဲ့ အာဆီယံနိုင်ငံတွေရှိနေတာကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံရေးသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။
“ အခုဟာအာဆီယံမှာ အများသဘောတူ ဆုံးဖြတ်ချက်ချမှတ်တာမျိုးဖြစ်နေတယ်။ ဒုတိယအချက်ကတော့ သူတို့ထဲကနိုင်ငံတွေမှာ အနောက်နိုင်ငံနဲ့ တရုတ်ကြားထဲမှာ ၀ိ၀ါဒကွဲနေတာမျိုးတွေလည်းတွေ့ရတယ်။ အဲဒီမှာ အနောက်နိုင်ငံတွေက NUGနဲ့ဆက်စပ်ဆောင်ရွက်သင့်တယ်လို့ အကြံပြုနေကြသလို စစ်ကောင်စီကိုပဲ နားချပြီးအခြေအနေတိုးတက်အောင်ဆောင်ရွက်ဖို့ဆိုတဲ့ အကြံပြုချက်တွေရှိနေပါတယ်။”
အာဆီယံတွေအနေနဲ့ လွန်ခဲ့တဲ့ ၁၈လ ကသဘောတူထားတဲ့ ဘုံသဘောတူညီချက်ငါးချက်ကိုသာ ထပ်ပြီးအတည်ပြုတယ်ဆိုရင် မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဆာဖူဒင်အဒူလာပြောခဲ့တဲ့ ဘုံသဘောတူညီချက်ငါးချက်အတိုင်းဆောင်ရွက်မယ်၊ မဆောင်ရွက်ဘူးဆိုတာ မေးစရာရှိနေတယ်လို့ စင်ပြိုင်အာဆီယံအဖွဲ့က Debbie Stothard ကပြောပါတယ်။
“မလေးရှားနိုင်ငံခြားရး၀န်ကြီး ဆာဖူဒင်အဒူလာ အဆိုပြုခဲ့တဲ့ သဘောတူညီချက်ကိုလိုက်နာတယ်ဆိုရင် ဘုံသဘောတူညီချက်ကို အချိန်ဘယ်လောက်အတွင်းဆောင်ရွက်မယ်၊ မဆောင်ရွက်နိုင်ဘူးဆိုရင် ဘယ်လိုအရေးယူဆောင်ရွက်တာမျိုးလုပ်မယ်စတာတွေပါဆုံးဖြတ်ရမှာဖြစ်တယ်။ ” လို့ပြောပါတယ်
အလားတူ အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အထူးအစည်းအ၀ေးဟာ မြန်မာနိုင်ငံကအခြေအနေတွေက ဒေသတွင်းအခြေအနေတွေကို ထိခိုက်လာနေပြီဆိုတာသိရှိတာကြောင့်ပြုလုပ်တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်ဇော်က ပြောပါတယ်။
“ဒါပေမဲ့ ဒီမအောင်မြင်တဲ့ ဘုံသဘောတူညီချက်ငါးရပ်ကိုစွဲကိုင်ထားတာ ဘာအကျိုးရှိစရာရှိမလဲ ဆိုတာမေးခွန်းထုတ်စရာပါ။ ကျနော်တို့အသေအချာပြောလို့မရတာကတော့ သူတို့ အစည်းအ၀ေးမှာ ဘာတွေအကြံပြုထားတယ် ဘာတွေအရေးယူဆောင်ရွက်ထားသလဲဆိုတာကြေညာချက်မှာမပါလို့ ၀ေဖန်ပြောဆိုလို့ မရဖြစ်နေပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေဘာလိုချင်သလဲဆိုတာ အာဆီယံခေါင်းဆောင်တွေသိကြပါတယ်။ မြန်မာလူထုရဲ့ဆန္ဒကိုအာဆီယံက ဖြည့်ဆည်းမယ်ဆိုရင် မြန်မာလူထုရဲ့ တရား၀င်အစိုးရဖြစ်တဲ့ NUGနဲ့ လက်တွဲဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။ ”

ဒါပေမဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး၀န်ကြီးဌာနက အောက်တိုဘာ ၂၇ရက်နေ့ ညနေပိုင်းမှာထုတ်ပြန်တာက အာဆီယံရဲ့ဆုံးဖြတ်ချက်ဟာ အာဆီယံအဖွဲ့၀င်အားလုံးပါ၀င်ခြင်းမရှိဘဲ ဆုံးဖြတ်ခဲ့တာဖြစ်လို့ မြန်မာနိုင်ငံကအနေနဲ့ လိုက်နာဆောင်ရွက်စရာမလိုဘူးလို့ ပြောပါတယ်။
ဒီအစည်းအ၀ေးမှာမြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ ဖိတ်ကြားခဲ့တာဖြစ်လို့ ဒါဟာ အာဆီယံ ပဋိညာဉ်စာတမ်း အပိုဒ်(၅)ပါ ပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင်နေတာကြောင့် မြန်မာနိုင်ငံအနေနဲ့ အစည်းအ၀ေးကိုမတက်ရောက်ခဲ့ဘူး လို့ထုတ်ပြန်ထားပါတယ်။
အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အစည်းအ၀ေးမကျင်းချိန်ရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံတွင်းက သွေးထွက်သံယိုမှုတွေဟာ တိုးတက်များပြားလာပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေဟာလည်း တိုးတက်လာတာကြောင့် Fortify Rights လူ့အခွင့်အရေးအဖွဲ့ကလည်း အာဆီယံအဖွဲ့ကြီးဟာ ကုလသမဂ္ဂအပါအဝင် တခြားနိုင်ငံတွေနဲ့လက်တွဲပြီး စစ်ကောင်စီကို အထီးကျန်အောင်ဆောင်ရွက်ဖို့၊ လက်နက်ရရှိတာတွေရပ်သွားအောင်လုပ်ဖို့နဲ့ ရေနံနဲ့ သဘာ၀ဓါတ်ငွေ့တွေက ရရှိနေတဲ့၀င်ငွေတွေကို ရပ်သွားအောင်လုပ်ဖို့ တောင်းဆိုထားပါတယ်။