အာဆီယံအစည်းအဝေးတွေမှာ NUG အစိုးရကိုသာ တက်ရောက်ခွင့်ပေးဖို့ အဖွဲ့ ၃၃၀ ကျော် တောင်းဆို

RFA Burmese
2024.07.20
အာဆီယံအစည်းအဝေးတွေမှာ NUG အစိုးရကိုသာ တက်ရောက်ခွင့်ပေးဖို့ အဖွဲ့ ၃၃၀ ကျော် တောင်းဆို လာအိုနိုင်ငံ လွန်ပရာဘန်မြို့တွင် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအား တွေ့ရစဉ်။
AFP

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တော်မှာ ဇူလိုင် ၂၁ ရက်နေ့ ကနေ ၂၇ ရက်နေ့အထိ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အခမ်းအနားတွေမှာ မြန်မာစစ်အုပ်စုကို တက်ရောက်ခွင့်မပြုဖို့နဲ့ မြန်မာလူထုကိုယ်စားပြု ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုသာ တက်ရောက်ခွင့်ပေးဖို့ တော်လှန်ရေးအင်အားစုနဲ့ အရပ်ဘက်အဖွဲ့ အစည်း ၃၃၃ ဖွဲ့က အာဆီယံခေါင်းဆောင်တွေကို အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပါတယ်။

ဒီအဖွဲ့တွေရဲ့ ဇူလိုင်လ ၁၇ ရက်နေ့စွဲနဲ့ ပေးပို့တဲ့စာမှာ မြန်မာနိုင်ငံကို တရားမဝင်သိမ်းပိုက်ထားပြီး ပြည်သူတွေအပေါ် ဆိုးရွားပြင်းထန်တဲ့ အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို ဒီအစည်းအဝေး ဖိတ်ကြားမှာကို စိုးရိမ်ပူပန်ကြောင်း၊ အခုနှစ်အစောပိုင်းက လာအိုက အာဆီယံဥက္ကဋ္ဌအဖြစ် လောင်ဖရာဘန်းမြို့မှာ ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို စစ်ကောင်စီ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် တက်ရောက်ခဲ့တာကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တောင်းဆိုထားတဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်တဲ့အတွက် စစ်ကောင်စီကို အဆင့်မြင့်အစည်းအဝေးတွေက ဖယ်ထုတ်ဖို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ကတည်းက အာဆီယံက ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း စစ်ကောင်စီကိုယ်စားလှယ်တွေကို အခုကျင်းပမယ့် အစည်းအဝေးကို ဖိတ်ကြားခြင်းအားဖြင့် “နောက်ဖေးဝင်ပေါက်” တစ်ခုကို ဖန်တီးပေးလိမ့်မှာဖြစ်ကြောင်း ဒီအဖွဲ့တွေက ထောက်ပြထားပါတယ်။

စစ်ကောင်စီနဲ့ ဆက်ဆံခြင်းအားဖြင့် အာဆီယံနဲ့ နိုင်ငံတကာအစိုးရတွေအပေါ် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု ခေါင်းဆောင်တွေက ယုံကြည်မှု ပျက်ပြားစေနိုင်ကြောင်းလည်း ဒီအဖွဲ့အစည်းတွေက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။