အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်လာမည်

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်သူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhon ဟာ မြန်မာနိုင်ငံကို လေးရက် ကြာလာရောက်ဖို့ ရှိပါတယ်။
အခုလ ၂ဝရက်နေ့ကနေ ၂၃ရက်နေ့အထိ လာရောက်လည်ပတ်ဖို့ စီစဉ်ထားတဲ့အကြောင်း VNA ဗီယက်နမ်သတင်းမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြထားပါတယ်။
မတ်လဒုတိယအပတ်ထဲမှာ မြန်မာပြည်ကိုသွားပြီး သက်ဆိုင်ရာအဖွဲ့တွေနဲ့တွေ့ဆုံတာ၊ လူသားချင်း စာနာမှုဆိုင်ရာ အကူညီပေးဖို့ကိစ္စတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကပြောထားပါတယ်။
သွားမယ့်ရက်အတိအကျကတော့ မနေ့ကမှ ထွက်ပေါ်လာတာပါ။ သူ့ရဲ့ မြန်မာပြည် ခရီးစဉ်ဟာ အာဆီယံ နိုင်ငံတွေအကြား ဘုံသဘောတူညီချက်ချထားတဲ့ အချက်ငါးချက် ကိုအကောင်အထည်ဖော်ရေးပဲဖြစ်ပါတယ်။
အာဆီယံရဲ့အထူးကိုယ်စားလှယ် မြန်မာပြည်သွားတဲ့အခါ စစ်ကောင်စီတဖက်တည်း တင်မကဘဲ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ဆုံဖို့ အာဆီယံနိုင်ငံတချို့က တိုက်တွန်းထားပါတယ်။
မြန်မာစစ်ကောင်စီကတော့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသူတွေနဲ့ တွေ့ဆုံတာဟာ အာဆီယံရဲ့မူနဲ့ဆန့်ကျင်တယ်ဆိုပြီး ပြီးခဲ့တဲလကတည်းက ကန့်ကွက်ထားပါတယ်။
စစ်ကောင်စီကိုလည်း အကြမ်းဖက်အဖွဲ့အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က အပြန်အလှန် သတ်မှတ်ထားပါတယ်။
သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံရေးဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးခုထဲမှာ ပါဝင်တာမို့ NUG အစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရလိမ့်မယ်လို့ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က RFA ကိုပြောထားပါတယ်။
ကမ္ဘောဒီးယားမတိုင်ခင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဘရူးနိုင်းနိုင်ငံ တာဝန်ယူခဲ့ တုန်းကလည်း ဘရူးနိုင်းက အာဆီယံအထူးကိုယ်စားလှယ် Erywon Yusof မြန်မာပြည် သွားဖို့လုပ်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအရ သက်ဆိုင်သူအားလုံးနဲ့ စစ်ကောင်စီက တွေ့ခွင့်မပေးလို့ ခရီးစဉ်ပျက်ခဲ့ရပါတယ်။
အခုကမ္ဘောဒီးယားရဲ့ အာဆီယံအထူးကိုယ်စားလှယ် သွားတဲ့အခါမှာ စစ်ကောင်စီတင်မက နိုင်ငံရေးအရ သက်ဆိုင်သူ အားလုံးနဲ့တွေ့ခွင့်ရ၊ မရကိုတော့ မသိရသေးပါဘူး။