မြန်မာနိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက်အပေါ် ရုရှား ရင်းနှီးမြှုပ်နှံဖို့ အသင့်ရှိကြောင်း ပြော
2025.02.22

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအပေါ်မှာ ရုရှားနိုင်ငံကနေ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ရုရှားနိုင်ငံ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Maxim RESHETNIKOV နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ ဓာတ်မြေသြဇာ ထုတ်လုပ်ရေး၊ ရေနံနဲ့ဓာတု ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရေးတို့မှာ ရုရှားနိုင်ငံကနေ ရင်းနှီးမြှုပ်နှံဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။
ရုရှား-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှာဖြစ်သလို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံအတွက် လျှပ်စစ်ကဏ္ဍမှာ ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံမဲ့ကိစ္စနဲ့ပတ်သက်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကတော့ နှစ်နိုင်ငံလုံးက စစ်ဖြစ်ပြီး နိုင်ငံတကာ ဖိအားတွေ ရင်ဆိုင်နေရတာကြောင့် ပြည်သူတွေအတွက်တော့ ထူးခြားမှုမရှိနိုင်ဘူးလို့ သုံးသပ်ပါတယ်။
“နိုင်ငံတကာနဲ့ အဆင်မပြေကြတဲ့ ဒီနှစ်နိုင်ငံက စီးပွားရေးထက် နိုင်ငံရေးနဲ့ စစ်ရေးကိစ္စတွေကိုပဲ ဦးစားပေး လုပ်ကြပါလိမ့်မယ်။ ပြည်သူတွေအတွက်ဆိုတာ မပါလောက်ပါဘူး။ နိုင်ငံတကာ အများစုက အပယ်ခံထားရတာချင်း တူတဲ့သူတွေမို့ မဟာမိတ်အဖြစ် နီးနီးကပ်ကပ်ရှိတယ်ဆိုတာ ပြရုံလောက်နေမှာပါ။ ဒီထက် ပိုမထူးနိုင်ပါဘူး။ စစ်ကောင်စီအတွက်ကလည်း တရုတ်ပေါက်ဖော်ကြီးပြီးရင် ရုရှားပဲ ရှိတာလေ”
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာတုန်းကလည်း ဓာတ်မြေသြဇာစက်ရုံတွေ တည်ဆောက်ဖို့နဲ့ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်စက်ရုံတွေအတွက် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (MoC) ကို လက်မှတ်ရေးထိုးထားပါတယ်။
စစ်ကောင်စီဟာ အာဆီယံ-ရုရှား မိတ်ဖက်ဆက်ဆံရေးအတွက် ညှိနှိုင်းရေးမှူးတာဝန်ကို ၂၀၂၄ ခုနှစ်ကနေ ၂၀၂၇ နှစ်အထိ တာဝန်ယူထားပါတယ်။