ရုရှား - မြန်မာ ပူးပေါင်းပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆောင်ရွက်နေကြောင်း စစ်ကောင်စီ ပြော

RFA Burmese
2022.11.30
ရုရှား - မြန်မာ ပူးပေါင်းပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆောင်ရွက်နေကြောင်း စစ်ကောင်စီ ပြော စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားစစ်တပ် စစ်ဦးစီးချုပ်ရုံး Colonel – General Kim Alexey Rostislavovich တို့ နေပြည်တော်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က တွေ့ဆုံခဲ့စဉ်။
Myanmar Military

ရှရှားနဲ့ မြန်မာစစ်တပ်တို့ ပူးပေါင်းပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး အပါအဝင် စီးပွားရေးနဲ့ နည်းပညာဆိုင်ရာတွေမှာပါ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ စစ်ကောင်စီက မနေ့က နိုဝင်ဘာလ ၂၉ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာလ ၂၉ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားစစ်တပ်ရဲ့ စစ်ဦးစီးချုပ်ရုံး အကြီးအကဲလည်းဖြစ်၊ ကြည်းတပ်ဦးစီးချုပ်လည်းဖြစ်တဲ့ Colonel – General Kim Alexey Rostislavovich တို့ တွေ့ဆုံပွဲအပြီးမှာ အထက်ပါအတိုင်း သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

တွေ့ဆုံပွဲကို မြန်မာဘက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) က ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ စစ်တပ်အရာရှိကြီးတွေ တက်ရောက်ခဲ့ကြပြီး ရုရှားဘက်ကတော့ ရုရှားစစ်တပ်ရဲ့ စစ်ဦးစီးချုပ်ရုံး အကြီးအကဲလည်းဖြစ်၊ ကြည်းတပ် ဦးစီးချုပ်လည်း ဖြစ်တဲ့ Colonel – General Kim Alexey Rostislavovich ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှား စစ်သံမှူးနဲ့ ရှရှား စစ်ဘက်အရာရှိကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

ရုရှား-မြန်မာ နှစ်နိုင်ငံ စစ်တပ်နှစ်ခုအကြား အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကို အထောက်အကူပြုနိုင်မယ့် အခြေအနေတွေကို ဆွေးနွေးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစား စတဲ့ ကဏ္ဍတွေအအတွက် လက်ရှိပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ပြီးနောက်ပိုင်းမှာ ရုရှားနိုင်ငံဆီကို ၈ ကြိမ်ထက်မနည်း သွားရောက်ခဲ့သူဖြစ်ပြီး ရုရှားဟာ မြန်မာအတွက် ရာသက်ပန် မိတ်ဆွေ၊ ရာသက်ပန် မဟာမိတ်ဖြစ်တယ်လို့ မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိပါတယ်။

မြန်မာစစ်တပ်ဟာ ရုရှားနိုင်ငံကနေ ဝယ်ယူထားတဲ့ တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ် တွေထဲက Su-30 လို ခေတ်မီ တိုက်လေယာဉ်တချို့ကို လက်ခံရရှိထားပြီလည်းဖြစ်ပြီး ရုရှား လေယာဉ်မှူးတွေကိုယ်တိုင် အမောင်းသင်ပေးနေတာမျိုးတွေ ပြုလုပ်ပေးနေတာပါ။

ရုရှားနိုင်ငံနဲ့ နီးစပ်တဲ့ နိုင်ငံတွေမှာ လက်ခံအသုံးပြုနေတဲ့ Mir ဆိုတဲ့ ရုရှားငွေပေးချေမှု စနစ်ကို မြန်မာနိုင်ငံက ဝင်ရောက်အသုံးပြုနိုင်ဖို့ ကြိုးစားနေတာမျိုးတွေလည်း ရှိပါတယ်။

ရုရှားနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တစ်ခုအနေနဲ့ လွန်ခဲ့တဲ့ ၄ နှစ်ခန့် ပိတ်ထားခဲ့ရတဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အနီးမှာရှိတဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) လက်အောက်ခံ အမှတ် ၂ သံမဏိ စက်ရုံ (ပင်းပက်) ကို ရုရှား နိုင်ငံရဲ့ အကူအညီကို ရယူပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါသေးတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က မြန်မာစစ်တပ်ကို အထီးကျန်စေဖို့ အရေးယူပိတ်ဆို့မှုများ ချမှတ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ပြစ်တင်ရှုတ်ချမှုတွေ ပြုလုပ်နေပေမယ့် ရုရှားကတော့ မြန်မာကို လက်နက်ရောင်းချလို့ရတဲ့ နိုင်ငံတစ်ခုအဖြစ်သာ စိတ်ဝင်စားခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အဲဒါကြောင့် စစ်ကောင်စီ လက်ထက်မှာ ရုရှား-မြန်မာ စစ်ခေါင်းဆောင်တွေ နှစ်နိုင်ငံ ကူးလူးဆက်ဆံမှု အရင်ထက် ပိုများလာခဲ့ပြီး စစ်ကောင်စီဟာ သံတမန်ရေးရာ အထောက်အပံ့နဲ့ နျူကလီးယား အပါအဝင် စစ်ဘက်ဆိုင်ရာ အကူအညီတွေရရှိဖို့ ရုရှားကို အရင်ကထက်ပိုပြီး ချဉ်းကပ်လာတာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။