ကောလာဟလတွေ သတိထားဖို့ NLD တိုက်တွန်း
2014.07.02

မန္တလေးမြို့မှာဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး ပြည်သူတွေ အနေနဲ့ ကောလာဟလသတင်းတွေကို သတိထားကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
နောက်ဆက်တွဲ အဓိကရုဏ်းတွေ ဆက်လက် မဖြစ်ပွားအောင် ပြည်သူတွေ သတိထားနိုင်အောင် ထုတ်ပြန်တာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်း က ပြောပါတယ်။
"အရေးအခင်းတွေ အခုအစိုးရလက်ထက်မှာ မကြာခဏဖြစ်ဖြစ်လာတယ်၊ အဲ့လို ဖြစ်ပြီးရင် ဆက်တိုက်ဆက်တိုက်ဖြစ်တာတွေ ပြည်သူ လူထုအတွက် စိုးရိမ်လို့ သတိထားနိုင်အောင်လို့ ဒီကြေညာချက် ထုတ်တာပေါ့၊ ကောလဟာလရှိရင် ဒီကောလာဟလ မှားယွင်းမှှု၊ မမှားယွင်းမှှုကို အမြန်ဆုံးစိစစ်ရမယ် မှန်ရင်လည်း မှန်တဲ့အတိုင်း အရေးယူ ရမယ်၊ မမှန်ဘူးဆိုလို့ရှိရင်လည်း မမှန်ကြောင်းကို ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း အသိပေးသင့်တယ်၊ အရင်ဖြစ်သွားတဲ့ကိစ္စတွေ ရခိုင်ကိစ္စရောဘာရောဆိုတော့ ဖြစ်ဖြစ်ချင်းအရေးယူတာတွေက နောက်ကျတယ်၊ ပိုပြီးတော့ကြီးကျယ်ပြီးတော့ လူထုနစ်နာတာပေါ့ဗျာ၊ မမြင်ရတဲ့ အနောက်ကကြီးကြပ်မှှု ထိန်းချုပ်မှှုတွေ ရှိနိုင်တယ်လို့တော့ ထင်ပါတယ် "
ပြည်သူတွေအနေနဲ့ အရင်ကကြုံတွေ့ခဲ့တဲ့ပဋိပက္ခတွေရဲ့ ဖြစ်စဉ်တွေကို အခြေခံပြီး သတိကြီးကြီးနဲ့ ဆင်ခြင်သုံးသပ်ဖို့ လိုအပ်ကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။ နောင်မှာလည်း အလားတူ ကောလာဟလနဲ့ သတင်းမှားတွေ မကြာခဏပေါ်ပေါက်ပြီး ဆူပူလှုပ်ရှားမှုတွေ ဖြစ်နိုင်ကြောင်းလည်း သတိပေးပြောဆိုထားပါတယ်။
အခုလို အဓိကရုဏ်းပဋိပက္ခတွေမှာ အာဏာပိုင်တွေအနေနဲ့ ကာကွယ်ရေးအတွက် နှိမ်နင်းတဲ့ အလေ့ အထ ထက် ပြည်သူတွေကို အကာကွယ်ပေးဖို့ ဦးစားပေးဆောင်ရွက်သင့်ကြောင်းလည်း ကြေညာချက် မှာ တိုက်တွန်း ထားပါတယ်။
မနေ့ညက မန္တလေးမြို့ ၂၇ လမ်းနဲ့ ၈၂ လမ်းထောင့်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို လူအုပ်စု ကဖျက်ဆီးမယ် ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီး ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူထားခဲ့ရပါ တယ်။ လမ်းတချို့မှာ ဆိုင်တချို့ အပျက်အစီးရှိခဲ့ပြီး ဒဏ်ရာရသူတချို့လည်း ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အဲ့ဒီလက်ဖက်ရည်ဆိုင်ပိုင်ရှင်က ဝန်ထမ်းအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ် ဆိုပြီး အင်တာနက်မှာ သတင်းတွေပြန့်နှံ့ခဲ့ရာက လူအုပ်စုနဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။