လွှတ်တော်ကော်မတီ ရဲစခန်း၊ ထောင်နဲ့ ရုံးတွေပါ စစ်ဆေးမည်
2013.10.03

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေး ကော်မတီအနေနဲ့ အရင်က တရားစီရင်ရေးဌာနတွေကိုပဲ လေ့လာခဲ့ရာ ကနေ မကြာခင်မှာ အုပ်ချုပ်ရေးရုံးတွေ အကျဉ်းဦးစီးဌာန ရုံးတွေကိုပါ လေ့လာပြီး တွေ့ရှိချက်ကို အစိုးရဆီ တင်ပြသွားမယ်လို့ သိရပါတယ်။
တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအနေနဲ့ တရားစီရင်ရေးစနစ်အပြင် အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက်တွေကိုပါ ထောက်ပြဖို့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်းချက်သဝဏ်လွှာကို မနေ့က လွှတ်တော်ကနေတဆင့် ပေးပို့လိုက်တဲ့ အတွက် ရှေ့ဆက်လုပ်ဆောင်ရမယ့် ကိစ္စတွေအတွက် ပိုပြီးအဆင်ပြေသွားနိုင်ဖွယ်ရှိတယ်လို့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က RFA ကိုပြောပါတယ်။
“ကျနော်တို့က လုပ်ရတာပိုပြီးတော့ အဆင်ပြေတာပေါ့နော်၊ ကျနော်တို့ကလည်း သမ္မတပြောသလို ကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့ သန့်ရှင်းတဲ့အစိုးရ ဖြစ်စေချင်တဲ့အခါကျတော့ တတ်နိုင်သမျှ ဒီလိုဟာတွေဖြစ်နေတာကို ကျနော်တို့ကလည်း အကြံပြုပေးမှာပါ၊ ပြည်နယ်တိုင်းလှည့်ပြီးတော့ ကျနော်တို့ကော်မတီဥက္ကဌ ညွှန်ကြားထားသလိုပေါ့ဗျာ၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနရုံးတွေရော၊ အကျဉ်းဌာနတွေရော၊ ရဲချုပ်တွေရော ကျနော်တို့လိုက်ပြီးတော့ ကြည့်ရှုလေ့လာမှာပါ၊ တွေ့ရှိချက်တွေ ကိုလည်း ခုနကသမ္မတအကြံပြုသလိုပဲ တင်ပေးလိုက်မှာပါ”
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကလည်း ဒီကနေ့ခေတ် မြန်မာနိုင်ငံရဲ့တရားစီရင်ရေးမှာ အရင်အစိုးရခေတ်ကလို အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်စွက်ဖက်လို့ မရတော့ကြောင်းနဲ့ အများပြည်သူ လိုလားလက်ခံနိုင်တဲ့ ဥပဒေတွေကို လွှတ်တော်က ရေးဆွဲပြဌာန်းသွားမှာဖြစ်တဲ့အကြောင်း ရန်ကုန်မြို့က လွှတ်တော်ရုံးမှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့ သတင်းပတ်တွေတုန်းက ပြောဆိုထားပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံက တရားစီရင်ရေးတွေမှာ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေရဲ့ စွက်ဖက်မှုတွေ တော်တော်များများ ရှိနေသေးတယ်လို့ ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေ၊ ရှေ့နေတွေက ပြောဆိုနေကြပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ တိုက်တွန်းချက် ထွက်ပေါ်လာပြီးနောက်ပိုင်း ရှေ့ဆက်ဘယ်လို လုပ်ကိုင်ဆောင်ရွက်ခွင့်တွေရလာနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ ကော်မတီအတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။