ရိုဟင်ဂျာတွေ ပြန်လက်ခံရေး မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ကိုရောက်နေ
2023.10.31

နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေ ပြန်လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာလ ၃၁ ရက် ဒီနေ့မနက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ တက္ကနပ်မြို့ (Teknaf) ကို ရောက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေက RFA ကို ပြောပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့ကို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးစောနိုင်က ဦးဆောင်ပြီး ပြန်လက်ခံဖို့စီစဉ်ထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၅၀ လောက်နဲ့ တက္ကနပ်မြို့မှာ ဒီနေ့ တွေ့ဆုံဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပါလောင် ဒုက္ခသည် စခန်းမှာနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်က ပြောပါတယ်။
“တက္ကနပ်မြို့ထဲမှာ ရိုဟင်ဂျာဒုက္ခသည် ၁၅၀ လောက်ကို ခေါ်ထားတယ်လို့ သိရတယ်။ သူတို့က နှစ်နိုင်ငံစာရင်းဇယားနဲ့တိုက် ဆိုင်ပြီးတော့ အတည်ပြုထားတဲ့ ဒုက္ခသည် တွေနဲ့ပဲ တွေ့ဆုံတာပါ။ သူတို့ (စစ်ကောင်စီ)ဘက်က စီစဉ်ထားတဲ့ဟာတွေကို ရှင်းပြမှာပေါ့။ အသေးစိတ်တော့ မသိရသေးပါဘူး”
အခုခရီးစဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းကို RFA ဆက်သွယ်ခဲ့ပေ မယ့် အကြောင်းမပြန်ပါဘူး။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ထုတ် စစ်ကောင်စီ သတင်းစာတွေမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထွက်ပြေးခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက လူပေါင်းခုနစ်ထောင်ကို ဒီနှစ်အတွင်း ပြန်လည်လက်ခံသွားမယ်လို့ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင် ကူညီပြီး ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ဖော်ဆောင်ပေးဖို့ နိုင်ငံတကာကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်နေ့က တောင်းဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ရဲ့ ၂ဝ၂၃ မတ်လအထိ စာရင်းတွေအရ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါး ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတာ ဖြစ်ပါတယ်။