Western Union ငွေလွှဲကုမ္ပဏီကို မြဝတီဘဏ်နဲ့ လက်မတွဲဖို့ ရိုဟင်ဂျာအဖွဲ့တွေတောင်းဆို


2019.10.31
myawaddy-bank-622.jpg ရန်ကုန်မြို့ ရန်ကင်းမြို့နယ်က မြဝတီဘဏ်ကို တွေ့ရစဉ်
Photo: Sergey Doh/RFA

ကမ္ဘာတဝှမ်း ငွေလွှဲလုပ်ငန်းလုပ်နေတဲ့ Western Union ကုမ္ပဏီက မြန်မာ့တပ်မတော်ရဲ့ မြဝတီ ဘဏ်နဲ့ ဆက်စပ်ငွေလွှဲနေတာကို ရပ်ဖို့ အမေရိကန်နဲ့ ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့တွေက မနေ့ကရက်စွဲနဲ့ ကြေညာချက်ထုတ်ပြီး တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK ၊ Burma Campaign UK နဲ့ အမေရိကန်အခြေစိုက် ရိုဟင်ဂျာအရေးအပြည်ပြည်ဆိုင်ရာလှုပ်ရှားမှုအဖွဲ့ International Campaign for the Rohingya ဆိုတဲ့ အဖွဲ့သုံးဖွဲ့က အောက်တိုဘာလ ၃၁ ရက်နေ့မှာတောင်းဆိုလိုက်တာပါ။

Western Union ဟာ မြန်မာ့တပ်မတော်ပိုင် ပြည်ထောင်စုစီးပွားရေးဦးပိုင်လီမိတက် လက်အောက်ခံ မြဝတီဘဏ်နဲ့ စီးပွားရေးအကျိုးတူဆောင်ရွက်နေတဲ့အတွက် မြဝတီဘဏ်ကနေတဆင့် စစ်တပ်ကို အကျိုးဖြစ်စေတယ်လို့ သူတို့အဖွဲ့ကထောက်ပြပါတယ်။

ရိုဟင်ဂျာတွေအရေးမှာ လူမျိုးတုန်းသုတ်သင်မှုကျူးလွန်ထားတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီရဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင် UNFFM က ထောက်ပြထားတဲ့ မြန်မာ့တပ်မတော်နဲ့ Western Union က စီးပွားရေးအကျိုးတူလုပ်တယ်ဆိုတာ ကုမ္ပဏီအတွက် ဂုဏ်သိက္ခာထိခိုက်စေ တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK ရဲ့ ဥက္ကဋ္ဌ ကိုထွန်းခင်ကပြောပါတယ်။

ရိုဟင်ဂျာအရေး လှုပ်ရှားတဲ့အဖွဲ့တွေရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ Western Union ရဲ့ အမှုဆောင်အဖွဲ့ကို RFA ကတယ်လီဖုန်းနဲ့ရော၊ အီးမေးလ်နဲ့ပါဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန် ပါဘူး။ Western Union ရဲ့ အမှုဆောင်အရာရှိချုပ် Hikmet Ersek က ဒုက္ခသည်တွေရဲ့အခွင့်အရေးအတွက် ထုတ်ဖော်ပြောဆိုခဲ့လို့ အများရဲ့ချီးကျူးတာခံထားရပါတယ်။

ဒါပေမယ့် ရိုဟင်ဂျာ ၇ သိန်းကျော် ထွက်ပြေးအောင်လုပ်ထားတဲ့ မြန်မာ့တပ်မတော်နဲ့ စီးပွားရေးအကျိုးတူ လုပ်ကိုင်နေတာတွေ့ရတယ်လို့ အမေရိကန်အခြေစိုက် ရိုဟင်ဂျာအရေး အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှုအဖွဲ့ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Simon Billenness ကပြောပါတယ်။

Western Union အနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့မပတ်သက်တဲ့ တခြားကုမ္ပဏီတွေနဲ့ လက်တွဲ လုပ်ကိုင်စရာနည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ရက်စက်တဲ့မြန်မာစစ်တပ်ရဲ့အိတ်ထဲ ကိုတော့ ငွေဝင်အောင်မလုပ်သင့်ပါဘူးလို့ Burma Campaign UK အဖွဲ့ညွှန်ကြားရေးမှူး Mark Farmaner ကပြောပါတယ်။

Western Union ဟာ ကမ္ဘာတလွှား ငွေလွှဲလုပ်ငန်းလုပ်တဲ့ ကုမ္ပဏီကြီးဖြစ်ပြီး၊ မြန်မာနိုင်ငံမှာလဲ ဘဏ်အတော်များများနဲ့ ချိတ်ဆက်ထားတဲ့အတွက် နိုင်ငံတကာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေက သူတို့ရဲ့မိသားစုတွေ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေဆီကို အဲဒီကုမ္ပဏီကနေ ငွေလွှဲလေ့ရှိသလို၊ မြန်မာပြည်က လက်ခံမယ့်သူတွေက နီးစပ်ရာဘဏ်တွေမှာ သွားထုတ်ယူနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။