စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအပေါ် အရေးယူမှုအသစ်ချမှတ်ဖို့ BROUK အဖွဲ့ တောင်းဆို

RFA Burmese
2025.01.09
စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအပေါ် အရေးယူမှုအသစ်ချမှတ်ဖို့ BROUK အဖွဲ့ တောင်းဆို ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာ လေကြောင်းမှ တိုက်ခိုက်ခံရပြီးနောက် အဆောက်အအုံများ မီးလောင်နေသည့် မြင်ကွင်းအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က တွေ့ရစဉ်။
AFP PHOTO/ ARAKAN ARMY

မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို လေကြောင်းတိုက်ခိုက်ကနေ တိုက်ခိုက်နေတဲ့အပေါ် အရေးယူမှုအသစ်တွေ လုပ်ဆောင်ဖို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK)က နိုင်ငံတကာကို မနေ့က တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် စစ်တပ်ကို လေယာဉ်ဆီ၊ လောင်စာဆီ ရစေနိုင်တဲ့ ငွေကြေးအရင်းအမြစ်တွေကို ဖြတ်တောက်ဖို့နဲ့ မောင်းသူမဲ့လေယာဉ်တွေ ပံ့ပိုးပေးနေတဲ့ တရုတ်ကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူဖို့လည်း ထပ်မံတောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာကို ဇန်နဝါရီ ၈ ရက်နေ့လယ်က စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၄၁ ဦး သေဆုံးခဲ့ပြီး ၅၂ ဦး ဒဏ်ရာရခဲ့တဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။

ကျောက်နီမော်ရွာဟာ အာရက္ခတပ်တော် (AA) ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီး အရပ်သားတွေ နေထိုင်တဲ့ တံငါရွာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာတာနဲ့အမျှ သူတို့ကို တားဆီးဖို့ နိုင်ငံတကာက ကြိုးပမ်းတာတွေလျော့သွားတယ်လို့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။

လေယာဉ်ဆီပို့ဆောင်ပေးတဲ့ ဗီယက်နမ်ကုမ္ပဏီတွေအပြင် ဂျက်လေယာဉ်ထောက်ပံ့ပေးတဲ့ တရုတ်ကုမ္ပဏီတွေကိုလည်း ဒဏ်ခတ်အရေးယူသင့်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေ့စဉ်နဲ့အမျှ လေကြောင်းကနေ တိုက်ခိုက်နေတာတွေကြောင့် ဒီရက်စက်မှုတွေကို သာမန်အဖြစ် မစဉ်းစားသင့်ဘူးလို့လည်း ပြောဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။