အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ တွေ့ဆုံ

RFA Burmese
2023.08.15
အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ တွေ့ဆုံ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းကို ၂၀၂၃ ဩဂုတ် ၁၄ ရက်နေ့က သွားရောက်လေ့လာစဉ်။
Credit - The Business Standard

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့ ရိုဟင်ဂျာဒုက္ခသည် တချို့ ဩဂုတ်လ ၁၄ ရက်နေ့က တွေ့ဆုံခွင့်ရခဲ့ပြီး စားနပ်ရိက္ခာလျော့ချခံရတဲ့ကိစ္စနဲ့ နေရပ်ပြန်ရေးကိစ္စတွေ ဆွေးနွေးတင်ပြခွင့်ရခဲ့တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။

အခက်အခဲတွေကို တိုက်ရိုက်တင်ပြခွင့်ရခဲ့တာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အထောက်အကူဖြစ်တယ်လို့ ကော့ဘဇားမှာ နေထိုင်တဲ့ ရိုဟင်ဂျာလူငယ်အစည်းအရုံး ဒါရိုက်တာ ကိုခင်မောင်က ပြောပါတယ်။

"အခု WFP က စားနပ်ရိက္ခာဖြတ်တောက်မှုကြောင့် ရိုဟင်ဂျာတွေ အခက်အခဲကြုံတွေ့နေရတာတွေကို ရှင်းပြခဲ့တယ်၊ သူတို့လည်း ရိုဟင်ဂျာတွေရဲ့ လက်တွေ့အခြေအနေကို လက်တွေ့ကိုယ်တိုင် လေ့လာခဲ့တယ်၊ ရိုဟင်ဂျာတွေအတွက် အထောက်အကူပြုတယ်၊ ကျွန်တော်တို့ကိုယ်တိုင် သူတို့ကိုရှင်းပြနိုင်တယ်၊ ကျွန်တော်တို့ကို ဘယ်လိုလုပ်တာ၊ ကျွန်တော်တို့ ဘာလိုချင်တယ်၊ ကျွန်တော်တို့ ဘယ်လိုပုံစံနဲ့ မြန်မာပြည်ပြန်သွားမယ်၊ လက်တွေ့ သူတို့နဲ့ ပြောခွင့်ရတာ ပိုထိရောက်တယ်၊ သူတို့ အရင်က အစီရင်ခံစာအပေါ်မှာ အခြေခံပြီး ကျွန်တော်တို့အခြေအနေကို သိတာလေ၊ အခုမြေပြင်မှာ လက်တွေ့ စကားပြောရတာ  သိပ်အရေးကြီးတယ်"

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့  အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ကော့ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ UNHCR အပါအဝင် နိုင်ငံတကာအကူညီပေးရေးအဖွဲ့တွေရဲ့ လုပ်ငန်းတွေကိုလည်း လေ့လာခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့မှာ Republican ပါတီ အောက်လွှတ်တော်အမတ် Richard McCormick နဲ့ Democratic ပါတီအမတ် Ed Case အပါအဝင် အဖွဲ့ဝင် ၁၁ ဦး ပါဝင်ပါတယ်။

ဒီလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆွေးနွေးခဲ့တယ်လို့လည်း ဒုက္ခသည်တွေကပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရသူတွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။